အမေရိကန်ထောက်လှမ်းရေး စာရွက်စာတမ်းများ ပေါက်ကြားမှုနှင့်ဆက်စပ်၍ လေတပ် ဝန်ထမ်းအမျိုးသားတစ်ဦးကို  FBI ဖမ်းဆီး

အမေရိကန်ထောက်လှမ်းရေး စာရွက်စာတမ်းများ ပေါက်ကြားမှုနှင့်ဆက်စပ်၍ လေတပ် ဝန်ထမ်းအမျိုးသားတစ်ဦးကို  FBI ဖမ်းဆီး
By Mr John

လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် အမေရိကန်ထောက်လှမ်းရေး စာရွက်စာတမ်းများ အွန်လိုင်းတွင် ပေါက်ကြားမှုနှင့် ဆက်စပ်၍ အမေရိကန်လေတပ် ဝန်ထမ်းတစ်ဦးကို FBI က မက်ဆာချူးဆက်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် ဧပြီလ (၁၃) ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသည့် Jack Teixeira ကို လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် နိုင်ငံတော်ကာကွယ်ရေး သတင်းအချက်အလက်များကို ခွင့်ပြုချက်မရဘဲ ဖယ်ရှားခြင်း၊ လက်ဝယ်ထိန်းသိမ်းထားခြင်းနှင့် ထပ်ဆင့်ပေးပို့ခြင်းတို့ဖြင့် စွပ်စွဲထားသည့် အမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း  အမေရိကန်ရှေ့နေချုပ်က ပြောသည်။

"FBI အေးဂျင့်တွေက Teixeira ကို အခု မွန်းလွဲအစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှု ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ရှေ့နေချုပ် Garland က သတင်းထောက်များကို တရားရေးဌာနတွင် ပြောခဲ့ပြီး မေးခွန်းများကိုတော့ လက်ခံဖြေကြားခဲ့ခြင်းမရှိဟု ဆိုသည်။ 

လျှို့ဝှက်အဆင့် ထောက်လှမ်းရေးစာရွက်စာတမ်းများ ပေါက်ကြားမှုမှာ အမေရိကန်အတွက် ဆယ်စုနှစ်များအတွင်း အဆိုးဆုံး လုံခြုံရေးကျိုးပေါက်မှုဖြစ်ပြီး ကမ္ဘာတဝန်းရှိ မဟာမိတ်များကြား အရှက်ရစရာလည်း ဖြစ်ခဲ့သည်။

အမေရိကန်ထောက်လှမ်းရေး စာရွက်စာတမ်းများ ပေါက်ကြားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးမှူးများက ဆက်စပ်သူကို ဖော်ထုတ်သိရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ဧပြီလ (၁၃) ရက်နေ့ အစောပိုင်းတွင် ပြောထားခဲ့သည်။ 

ပင်တဂွန်စစ်ဌာနချုပ်က လွှဲပြောင်းခဲ့သည့် ထောက်လှမ်းရေးစာရွက်စာတမ်းများ ပေါက်ကြားမှုကိစ္စကို တရားရေးဌာနက ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရားဝင် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး စတင်ခဲ့ခြင်း ဖြစ်သည်။

ပေါက်ကြားခဲ့သည့် အထိခိုက်မခံသော အမေရိကန်ထောက်လှမ်းရေး စာရွက်စာတမ်းအနက် အချို့မှာ ယူကရိန်း၏ စစ်တပ်စွမ်းဆောင်ရည်များနှင့် အားနည်းချက်များတို့နှင့် ဆက်နွယ်နေသည်။ 

ထို့အပြင် အစ္စရေး၊ တောင်ကိုရီးယားနှင့် တူရကီ အပါအဝင် အမေရိကန်မဟာမိတ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များလည်း ပါဝင်သည်ဟု ဆိုသည်။

Reuters သတင်းဌာနက "လျှို့ဝှက်" နှင့် "ထိပ်တန်းလျှို့ဝှက်" ဟု သတ်မှတ်ရေးသားထားသော စာရွက်စာတမ်း (၅၀) ကျော်ကို ကြည့်ရှုခွင့်ရခဲ့သော်လည်း ထိုစာရွက်စာတမ်းများ အစစ်အမှန်ဖြစ်မှုနှင့် ပတ်သက်၍ သီးခြား အတည်မပြုနိုင်ကြောင်း သိရသည်။ 

ပေါက်ကြားခဲ့သည့် အမေရိကန်ထောက်လှမ်းရေး စာရွက်စာတမ်း အရေအတွက်မှာ (၁၀၀) ကျော် ဖြစ်နိုင်သည်ဟု ဆိုသည်။

Source: Reuters