မြောက်ကိုရီးယား စစ်လေယာဥ် (၁၈၀) ကို နယ်စပ်တွင် တွေ့ရှိပြီးနောက် တောင်ကိုရီးယား ဘက်က ကိုယ်ပျောက်တိုက်လေယာဉ် အပါအဝင် အစီး(၈၀)ကျော်  အ‌ရေးပေါ် ပျံတက်ခဲ့

မြောက်ကိုရီးယား စစ်လေယာဥ် (၁၈၀) ကို နယ်စပ်တွင် တွေ့ရှိပြီးနောက် တောင်ကိုရီးယား ဘက်က ကိုယ်ပျောက်တိုက်လေယာဉ် အပါအဝင် အစီး(၈၀)ကျော်  အ‌ရေးပေါ် ပျံတက်ခဲ့
နိုဝင်ဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကိုရီးယားနှစ်နိုင်ငံနယ်စပ်၏ မြောက်ဘက်တွင် (၄) နာရီအတွင်း မြောက်ကိုရီးယားစစ်လေယာဥ် (၁၈၀) ခန့် ပျံသန်းမှုကို ထောက်လှမ်းတွေ့ရှိရပြီးနောက် တောင်ကိုရီးယားက F-35A ကိုယ်ပျောက် တိုက်လေယာဥ်များ အပါအဝင် တိုက်လေယာဥ် အစီး (၈၀) အရေးပေါ် ပျံတက်စေခဲ့ကြောင်းနှင့် ဒေသတွင်း တင်းမာမှုတိုးလာကြောင်း သိရသည်။ 

တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်တွင် နိုဝင်ဘာလ (၄) ရက် နံနက် (၁၁) နာရီနှင့် မွန်းလွဲ (၃) နာရီကြား မြောက်ကိုရီးယားစစ်လေယာဥ် (၁၈၀) ခန့်ကို တွေ့ရှိခဲ့ရသည်ဟု ပြောထားသည်။

မြောက်ကိုရီးယားက မအောင်မြင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ခဲ့ပြီး နောက်တစ်ရက်တွင် စစ်လေယာဥ်များ နှစ်နိုင်ငံနယ်စပ်အနီး ပျံသန်းမှုရှိလာခြင်းလည်း ဖြစ်သည်။ 

ကိုရီးယားကျွန်းဆွယ်တွင် အောက်တိုဘာလ (၃၁) ရက်နေ့က တင်းမာမှုများ စတင်မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ 

အမေရိကန်နှင့် တောင်ကိုရီးယားတို့က နှစ်နိုင်ငံလုံးမှ ရာနှင့်ချီသည့် စစ်လေယာဥ်များနှင့် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များ ပါဝင်သည့် "Vigilant Storm" ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ (၃၁) ရက်တွင် စတင်ခဲ့ကြခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင်မှုမှာ ရန်လိုမှုနှင့် တမင်ဆွပေးမှုဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နိုဝင်ဘာလ (၂) ရက်နေ့တွင် ၎င်း၏ အရှေ့ဘက်နှင့် အနောက်ဘက် ကမ်းရိုးတန်းတို့မှ ဒုံးကျည် (၂၃) စင်းအထိ ပင်လယ်ရေပြင်ထဲသို့ ပစ်လွှတ်ခဲ့ရာ တစ်ရက်အတွင်း ဒုံးကျည်အများဆုံး ပစ်လွှတ်မှုဖြစ်လာသည်။ 

တောင်ကိုရီးယားကလည်း တုံ့ပြန်သည့်အနေဖြင့် တိုက်လေယာဥ်များဖြင့် ဝေဟင်မှမြေပြင်ပစ် ဒုံးကျည် (၃) စင်း ပစ်လွှတ်ခဲ့သည်။

နိုဝင်ဘာလ (၂) ရက်နေ့တွင် မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းက တောင်ကိုရီးယားကမ်ရိုးတန်းအနီး ရေပြင်ထဲသို့ ကျရောက်ခဲ့မှုနှင့်အတူ အပြန်အလှန် ဒုံးကျည်ပစ်လွှတ်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်း တောင်ကိုရီးယားကမ်းလွန်တွင် ကျရောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

Source: CNN, Reuters

Photo: Yonhap News, Hankyoreh, Kim Gyoung-ho