ဂရိနိုင်ငံတွင် ရထားနှစ်စီး ခေါင်းချင်ဆိုင် တိုက်မိရာမှ အနည်းဆုံး လူ (၃၈) ဦး သေဆုံး

ဂရိနိုင်ငံတွင် ရထားနှစ်စီး ခေါင်းချင်ဆိုင် တိုက်မိရာမှ အနည်းဆုံး လူ (၃၈) ဦး သေဆုံး
By Mr John

ဂရိနိုင်ငံတွင် ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့၏  ညပိုင်းက ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ အနည်းဆုံး လူ (၃၈) ဦး သေဆုံးပြီး (၈၅) ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာနက ပြောသည်။ 

ခရီးသည်တင် ရထားတစ်စီးက အေသင်မြို့မှ နိုင်ငံမြောက်ပိုင်း Thessaloniki မြို့သို့ ခုတ်မောင်းလာစဥ် အလယ်ပိုင်းဒေသရှိ Larissa မြို့ အပြင်ဘက်တွင် ကုန်တင်ရထားတစ်စီးနှင့် အရှိန်ပြင်းထန်စွာ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း Thessaly နယ်မြေ အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ရထားနှစ်စီးတိုက်မိခဲ့ရာမှ ခရီးသည်တင် ရထားတွဲများတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ဒဏ်ရာရခဲ့သည့် ခရီးသည်များကို ဆေးရုံများသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ရထား၏ ပထမဆုံး တွဲ (၄) တွဲမှာ လမ်းချော်တိမ်းမှောက်သွားခဲ့ပြီး ရှေ့ဆုံးတွဲ (၂) တွဲတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံးဝနီးပါး ပျက်စီးသွားခဲ့ကြောင်း Theesaly နယ်မြေ အုပ်ချုပ်ရေးမှူး Konstantinos Agorastos က SKAI TV သတင်းဌာနကို ပြောခဲ့သည်။

 ရထားနှစ်စီးမှာ တစ်စီးနှင့်တစ်စီး တူညီသည့် လမ်းကြောင်းပေါ်တွင် အရှိန်ဖြင့် ခေါင်းချင်ဆိုင် တိုက်မိခဲ့ကြကြောင်း ၎င်းကဆိုသည်။

"ရထားနှစ်စီးလုံးက အရမ်းမြန်တဲ့ အရှိန်နဲ့ ခုတ်မောင်းနေခဲ့ကြပြီး ရထားမောင်းသူတစ်ယောက်က မျက်နှာချင်းဆိုင်ကနေ အခြား ရထားတစ်စီး လာနေတာကို မသိခဲ့ဘူး" ဟု Konstantinos က ပြောသည်။ 

ရထားတိုက်မှုဖြစ်ပြီးနောက် ခရီးသည် (၂၅၀) ခန့်ကို Thessaloniki မြို့သို့ ဘတ်စ်ကားများဖြင့် ဘေးကင်းစွာ ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ရထားပေါ်တွင် ခရီးသည် (၃၅၀) ခန့် လိုက်ပါလာခဲ့ကြပြီး အေသင်မြို့မှ ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ (၂၈) ရက် ည (၇) နာရီ (၃၀) မိနစ်ဝန်းကျင်၌ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ဂရိပြည်တွင်းမီဒီယာက ဖော်ပြသည်။ 



ခရီးသည်တင်ရထားနှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့သည့် ကုန်တင်ရထားမှာ Thessaloniki မြို့မှ Larissa မြို့သို့ ခုတ်မောင်းလာခဲ့ခြင်း ဖြစ်သည်။ 

၁၉၇၂ ခုနှစ်အတွင်းကလည်း Larissa မြို့ပြင်တွင် ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ဖူးပြီး လူ (၁၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Source: Reuters

Photo: EUTERS/Alexandros Avramidis, REUTERS/Giannis Floulis