အိန္ဒိယနိုင်ငံ၏ ပထဆုံး မဲဆန္ဒရှင် အမျိုးသားကြီး အသက် (၁၀၅) နှစ်အရွယ်တွင် ကွယ်လွန်

အိန္ဒိယနိုင်ငံ၏ ပထဆုံး မဲဆန္ဒရှင် အမျိုးသားကြီး အသက် (၁၀၅) နှစ်အရွယ်တွင် ကွယ်လွန်
နိုဝင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 အိန္ဒိယနိုင်ငံ၏ ပထမဆုံး မဲဆန္ဒရှင်ဟု အမည်ပေးထားသည့် အမျိုးသားကြီး အသက် (၁၀၅) နှစ်အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။ 

Shyam Saran Negi မှာ ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယတွင် ပထမဆုံး အထွေထွေရွေးကောက်ပွဲ ကျင်းပစဥ်က ပထမဆုံး မဲပေးခဲ့သည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရသည်။ 

Negi က ထိုရွေးကောက်ပွဲမှစပြီး ရွေးကောက်ပွဲတိုင်းတွင် မဲပေးခဲ့သူလည်း ဖြစ်သည်။

မကွယ်လွန်မီ နောက်ဆုံးအကြိမ် မဲပေးမှုအဖြစ် ၎င်း၏ပြည်နယ် Himachal Pradesh လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးခဲ့သေးကြောင်း သိရသည်။ 

အိန္ဒိယတွင် ပထမဆုံး အထွေထွေရွေးကောက်ပွဲကို ၁၉၅၂ ခုနှစ်တွင် ကျင်းပခြင်းဖြစ်သော်လည်း ၎င်း၏ ပြည်နယ်တွင်မူ နှင်းထူထပ်စွာကျရောက်မှုကို ရှောင်နိုင်ရန် ၁၉၅၁ ခုနှစ်အတွင်း (၅) လစောပြီး မဲရုံများဖွင့်ခဲ့ရာ အငြိမ်းစားကျောင်းဆရာ Negi က ပထမဆုံး မဲပေးခဲ့သည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရသည်။

ထိုရွေးကောက်ပွဲတွင် Indian National Congress ပါတီနှင့် ဂျဝါဟာလာနေရူးတို့က အနိုင်ရခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်ခံ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ 

အိန္ဒိယနိုင်ငံမှာ ၁၈၄၈ ခုနှစ်နှင့် ၁၉၄၇ ခုနှစ်အတွင်း နှစ်ပေါင်း (၁၀၀) နီးပါး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ပြီးနောက် လွတ်လပ်ရေးရခဲ့သည်။ 

ယခုသီတင်းပတ်အစောပိုင်းက နိုဝင်ဘာလ (၁၂) ရက် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ စာတိုက်မှတစ်ဆင့် မဲပေးခဲ့စဥ် Negi အတွက် ရွေးကောက်ပွဲကော်မရှင်က ကော်ဇောနီခင်းပြီး ဂုဏ်ပြုကြိုဆိုခဲ့သည်။

အိန္ဒိယမီဒီယာများ၏ ဖော်ပြမှုအရ ယခုရွေးကောက်ပွဲတွင် ကျန်းမာရေးမကောင်းမှုကြောင့် စာတိုက်မှတစ်ဆင့် မဲပေးခဲ့သည့် Negi မှာ ပထမဆုံးအကြိမ် မဲရုံသို့ မသွားရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

၂၀၁၄ ခုနှစ်တွင် Negi က ရွေးကောက်ပွဲကော်မရှင်အတွက် အမှတ်တံဆိပ်သံတမန်အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုနှစ်၏ အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြရန် ပြည်သူလူထုကို နှိုးဆော်ခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အောက်တိုဘာလ (၂၉) ရက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး‌ရေး ဟောပြောရာတွင် Negi ကို ဂုဏ်ပြုခဲ့သည်။ 

နိုဝင်ဘာလ (၅) ရက်နေ့တွင် ကွယ်လွန်သွားသည့် အိန္ဒိယ၏ ပထမဆုံး မဲဆန္ဒရှင် Negi ကို နိုင်ငံတော်က ဂုဏ်ပြုမှုအပြည့်ဖြင့် ၎င်း၏ကျေးရွာ Kalpa တွင် မီးသင်္ဂြိုဟ်သွားမည် ဖြစ်သည်။

#TachileikNewsAgency

Source: BBC

Photo: GETTY IMAGES,