ဝင်/ထွက်ခွင့် ကန့်သတ်ထားသည့် လာအိုနိုင်ငံတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ အခြားဒေသများသို့ ခိုးထွက်လာသည့် အလုပ်သမားအဖွဲ့ထဲက (၁)ဦးတွင် Covid-19 ပိုးတွေ့

ဝင်/ထွက်ခွင့် ကန့်သတ်ထားသည့် လာအိုနိုင်ငံတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ အခြားဒေသများသို့ ခိုးထွက်လာသည့် အလုပ်သမားအဖွဲ့ထဲက (၁)ဦးတွင် Covid-19 ပိုးတွေ့

 

လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်ရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်မှ  အလုပ်သမား (၅) ဦး လွမ်ပရာဘမ်ခရိုင်အတွင်း ခိုးဝင်လာသဖြင့် COVID 19 မပျံ့နှံ့စေရေးအတွက် တာဝန်ရှိသူများက သတင်းရရချင်း ရှာဖွေ၍ အသွားအလာကန့်သတ်ထားကြောင်း လာအိုသတင်းဌာနက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ အလုပ်သမား (၅) ဦးသည် ဇူလိုင်လ (၁၂) ရက်နေ့တွင် ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ခိုးထွက်လာပြီး ဦဒိုဆိုင်း နှင့် လွမ်ပရာဘမ်ခရိုင်ဘက်သို့ ထွက်ခွာလာကြရာ အူးဒုံဇေသို့ ရောက်လာသည့် (၁) ဦး၌ COVID 19 ကူးစက်နေသည်ကို ဇူလိုင်လ (၁၅) ရက်နေ့တွင် စစ်ဆေးတွေ့ရသဖြင့် လောင်ဖရာဘန်ခရိုင်သို့သွားသည့် ကျန် (၄) ဦးကို ဆက်လက်ရှာဖွေခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အထူးစီးပွားရေးဇုန်ရှိနေသည့် ဘိုကျောက်ခရိုင်အတွင်း နိုင်ငံခြားသားများ ဝင်ထွက်မှုကို လာအို COVID 19 ထိန်းချုပ်ရေးဗဟိုအဖွဲ့က ၂၀၂၁ ခုနှစ် မေလကတည်းက တင်းကျပ်စွာကန့်သတ်ထားခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်ရှိ ကာစီနိုလုပ်ငန်းအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများစသည့် ဆက်စပ်လုပ်ငန်းများအတွက် မြန်မာ၊ တရုတ်စသည့် နိုင်ငံခြားသားများအပြင် လာအိုနိုင်ငံသားများလည်း အလုပ်လုပ်နေကြပြီး ခိုးထွက်သွားသည့်အလုပ်သမားများမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ကိုမူ ဖေါ်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။

အထူးစီးပွားရေးဇုန်၏ စီမံခန့်ခွဲမှုအတွက် လာအိုအစိုးရတာဝန်ရှိသူများက တိုက်ရိုက်စီမံခန့်ခွဲခြင်းမဟုတ်ဘဲ ကုမ္ပဏီ၏စီမံခန့်ခွဲရေးအဖွဲ့က တစ်ဆင့်ခံလုပ်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီက ဇုန်အတွင်း COVID 19 စစ်ဆေးမှုများကို လုပ်ဆောင်နေသည်ဟုဆိုသော်လည်း အတည်ပြုလူနာတွေ့ရှိမှုအခြေအနေကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခြင်းမရှိဘဲ ထောင်နှင့်ချီသော မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း ရက်အကန့်အသတ်မရှိ အသွားအလာကန့်သတ်ထားသည့်အတွက် အစာရေစာ အပြည့်အဝ မရရှိဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။ 

ဘိုကျောက်ခရိုင်အတွင်း (၃)နိုင်ငံနယ်စပ် မဲခေါင်မြစ်ဘေးရှိ မြေဧရိယာဟက်တာ (၃၀၀၀)တွင် လာအိုအစိုးရက ၂၀၀၇ ခုနှစ်ကတည်းက ဟောင်ကောင်အခြေစိုက် Kings Romans Company နှင့်ပူးပေါင်း၍ ရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ်ဖေါ်ဆောင်နေခြင်းဖြစ်သည်။

လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်ဖေါ်ဆောင်နေသည့် Kings Romans Company မှာ လူကုန်ကူးမှု၊ မူးယစ်မှု၊ တောရိုင်းတိရစ္ဆန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှုများနှင့်ပတ်သက်၍ အမည်ပျက်အဖွဲ့အစည်းအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက  အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားသည့်အပြင် အဓိကတာဝန်ရှိသူများဖြစ်ကြသည့် ဩစတေးလျနိုင်ငံသား အာဘက်စ်ဘာဆူအီဘရာဟမ် (Abbas "Basu" Eberahim)၊ ထိုင်းနိုင်ငံသား နတ်ရမ်တဝမ်ခရီ (Nat Rungtawankhiri)၊ ဟောင်ကောင်အခြေစိုက် တရုတ်နိုင်ငံသူ မဒမ်ဆု (ခေါ်) ရှောင်ဆု (ခေါ်) ဂီခင်းဆုနှင့် ၎င်း၏အမျိုးသား တရုတ် - မကာအိုနိုင်ငံသား ရှောင်ဝေ (Zhao Wei) တို့ကို ပိတ်ဆို့အရေးယူထားခြင်းဖြစ်သည်။ 

#TachileikNewsAgency

Ref: Laostian Time