တာချီလိတ်မြို့တွင် သဘာဝဘေးဖြင့် အမှုဖွင့်ထားသည့် ဦးတင့်ဆွေ နှင့် ဦးကျော်မြင့်တို့ကို ပုဒ်မ ၅၀၅(က)ဖြင့် ထပ်တိုး အမှုဖွင့်

တာချီလိတ်မြို့တွင် သဘာဝဘေးဖြင့် အမှုဖွင့်ထားသည့် ဦးတင့်ဆွေ နှင့် ဦးကျော်မြင့်တို့ကို ပုဒ်မ ၅၀၅(က)ဖြင့် ထပ်တိုး အမှုဖွင့်
မတ် 26, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်  အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးပြီး သဘာဝဘေး ဥပဒေ နှင့် အမှုဖွင့်ထားသည့် ဦးတင့်ဆွေ နှင့် ဦးကျော်မြင့်တို့ (၂)ဦးကို မတ်လ(၂၅)ရက်နေ့က ပုဒ်မ ၅၀၅(က)ဖြင့်ပါ ထပ်တိုးအမှုဖွင့်လိုက်ကြောင်း သိရသည်။



၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က တာချီလိတ်မြို့တွင် ပြုလုပ်သည့် မြို့လုံးကျွတ်စစ်အာဏာရှင်ဆန့်ကျင်ပွဲတွင် ဦးဆောင် ပါဝင်ဆင်နွဲသည်ဟုဆိုကာ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်သူ ဦးတင့်ဆွေ နှင့် ရွှေတာချီဆိုင်ကယ်အသင်းမှ ဦးကျော်မြင့်တို့အား ဖေဖော်ဝါရီလ(၉)ရက်နေ့ အကူး နံနက်(၂း၂၀)နာရီအချိန်က ဖမ်းဝရမ်းမပါဘဲ  အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က အတင်းအဓမ္မဖမ်းဆီးပြီး ကျိုင်းတုံထောင်သို့ အဲ့ဒီနေ့မှာပင် ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

ကျိုင်းတုံထောင်သို့ ပို့ဆောင်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်  အမှုဖွင့်ထားပြီး ရက်ပေါင်း (၄၄)ရက်မြောက်ဖြစ်သည့် မတ်လ(၂၅)ရက်နေ့တွင် ၎င်းတို့ (၂)ဦးအား ပုဒ်မ ၅၀၅(က)ဖြင့်ပါ ထပ်မံ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

 မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်သူ ဦးတင့်ဆွေ နှင့် ရွှေတာချီဆိုင်ကယ်အသင်းမှ ဦးကျော်မြင့်တို့သည် ၎င်းတို့၏ Facebook ပေါ်တွင် CDM ကိစ္စရပ်များ နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြောင်းအရာများကို ရေးသား ဖြန့်ဝေမှုများ လုပ်သည်ဟုဆိုကာ ၅၀၅(က)ဖြင့် အမှုထပ်တိုး ဖွင့်လိုက်ခြင်း ဖြစ်ကြောင်း   သိရသည်။

မတ်လ(၂၆)ရက်နေ့အထိ တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှု နှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ (၂၀)ကျော်နေပြီဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူမှာလည်း (၂၀)ကျော်နေပြီဖြစ်ကြောင်း သိရှိရသည်။