“ဝ”အထူးဒေသ (၂)နယ်မြေအတွင်း ယောင်ခဈေးတွင် စိတ်ကြွဆေး (၁၃)သိန်း သိမ်းဆည်းရမိပြီး ထိုင်းနိုင်ငံသား လွတ်မြောက်

“ဝ”အထူးဒေသ (၂)နယ်မြေအတွင်း ယောင်ခဈေးတွင် စိတ်ကြွဆေး (၁၃)သိန်း သိမ်းဆည်းရမိပြီး ထိုင်းနိုင်ငံသား လွတ်မြောက်
ဒီဇင်ဘာ 29, 2019
By Tachileik News Agency

“ဝ”အထူးဒေသ (၂)နယ်မြေအတွင်း ယောင်ခဈေးတွင် စိတ်ကြွဆေး (၁၃)သိန်း သိမ်းဆည်းရမိပြီး 
ထိုင်းနိုင်ငံသား လွတ်မြောက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ “ဝ”အထူးဒေသ (၂) နယ်မြေ၊ နားယောင်းကျေးရွာ ယောင်ခဈေးရှိ ဆိုင်ခန်းတစ်ခုတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ နေ့လယ်ပိုင်းက စိတ်ကြွဆေးပြား (၁၃)သိန်းကို တွေ့ရှိသိမ်းဆည်းရမိပြီး ဆိုင်ခန်းငှားထားသည့် ထိုင်းနိုင်ငံသားကို ဖမ်းမိခြင်း မရှိသေးကြောင်း သိရသည်။

ယောင်ခဈေးတွင် ထိုင်းနိုင်ငံသား ကျော့ချိုင်း ငှားရမ်းထားသည့် ဆိုင်ခန်းတွင် မူးယစ်ဆေးဝါး သတင်းအရ “ဝ”အထူးဒေသ (၂)မှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ မိုင်းတွမ်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့စိတ်မှ တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ (၂၈)ရက်နေ့ နေ့လယ် (၂)နာရီခွဲတွင် သွားရောက်စစ်ဆေးရာ ဆိုင်ခန်းကို သော့ခတ်ထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်းရရှိထားသည့် ထိုင်းနိုင်ငံသားအား ဆိုင်ခန်းတွင် မတွေ့ရှိရ၍ အခန်းအား သော့ဖျက်ကာ အခန်းတွင်းသို့ ဆက်လက်၍ ဝင်ရောက်ရှာဖွေရာ ဆာလာအိတ် (၁၃)လုံးတွင် ထည့်သွင်းထားသည့် စိတ်ကြွဆေးပြား အပြားရေ စုစုပေါင်း (၁၃)သိန်းကို ရှာဖွေ စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများတွေ့ရသည့် ဆိုင်ခန်းငှားရမ်းထားသူ ထိုင်းနိုင်ငံသား ကျော့ချိုင်းအား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ) ၅၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~