တက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်မှုများ ရှိနေသည့် တာချီလိတ်မြို့တွင် မသင်္ကာဖွယ်ရာ လူတစ်စုက တစ်အိမ်ဝင် တစ်အိမ်ထွက် စာအုပ်များ လိုက်လံရောင်းချနေ

တက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်မှုများ ရှိနေသည့် တာချီလိတ်မြို့တွင် မသင်္ကာဖွယ်ရာ လူတစ်စုက တစ်အိမ်ဝင် တစ်အိမ်ထွက် စာအုပ်များ လိုက်လံရောင်းချနေ
ဖေဖော်ဝါရီ 5, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၏ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့်ရဲတို့၏ သတင်းပေးများအဖြစ် အသွင်ယူ၍ စောင့်ကြည့်ခိုင်းထားမှုများ ရှိနေချိန်တွင် စစ်မှုထမ်းဟောင်းများကဟုဆိုကာ ရပ်ကွက်ထဲ တစ်အိမ်ဝင် တစ်အိမ်ထွက် စာအုပ်ရောင်းချသူများပြားလာကြောင်း ဒေသခံများထံက သိရသည်။

ဒီရက်ပိုင်း တာချီလိတ်မှာ ဟိုးအရင်ကလို စာအုပ်လိုက်ရောင်းတာတွေ ပြန်ပေါ်လာတယ်။ အရင်တုန်းကဆိုရင် စစ်ဘောင်းဘီတွေနဲ့ မသန်းစွမ်းလိုမျိုးတွေ အသက်ကြီးတွေပဲ၊ အခုတော့ သန်သန်စွမ်းစွမ်းတွေပဲ လူကလည်း လူလတ်ပိုင်းတွေဖြစ်နေတယ်။ သူတို့ကို ကြည့်ရတာ အင်ဖော်မာတွေဖြစ်မယ်ထင်တယ်။ ရုပ်တွေက စစ်သားရုပ်တွေ။ မျက်လုံ အမူအရာ နဲ့ မျက်နှာအမူအရာတွေက သူခိုးအကြည့်လိုလို တခုခုကို စူးစမ်းသလိုလိုတွေနဲ့ မသင်္ကာစရာပဲ။ ဆိုင်ထဲ ဝင်လာပြီး စာအုပ်လာရောင်းတယ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း အချို့နေရာများတွင် စစ်ကောင်စီ လက်အောက်ခံများက အရပ်ဝတ်များဖြင့် စောင့်ကြည့်ခြင်း၊ CCTV ကနေ ထိုင်ကြည့်ခြင်းများ လုပ်ဆောင်နေရာမှ ဖေဖော်ဝါရီလ၏ ပထမပတ်တွင်းကစ၍ တစ်အိမ်ဝင် တစ်အိမ်ထွက် စာအုပ်လိုက်လံရောင်းချသည့် ဖြစ်စဉ်များရှိလာနေခြင်း ဖြစ်သည်။

အာဏာစသိမ်း ကာလတုန်းက တက်ကြွသူများခဲ့တဲ့ ရပ်ကွက်နဲ့ လမ်းတွေကို အဓိက စောင့်ကြည့်ဖို့ နဲ့ CCTV မရှိတဲ့ နေရာတွေကို ကင်းလှည့်တာ စောင့်ကြည့်တာလုပ်ဖို့တော့ ညွှန်ကြားထားတာတွေရှိတယ်။ CCTV ရှိတဲ့နေရာတွေမှာ မစစ်တာ။ စောင့်မကြည့်တာက  CCTV စောင့်ကြည့်အခန်းကနေ အချိန်ပြည့်  စောင့်ကြည့်လို့။ လမ်းဆုံတွေမှာလည်း ရှိတယ်။ မီးပွိုင့် CCTV ကအစ စောင့်ကြည့်နေတာတွေလုပ်နေတယ်။ စောင့်ကြည့်ရေးအတွက် အင်အားတွေ သုံးထားတာလည်းရှိနေတယ်။ ဘာကို ကြောက်နေသလဲတော့မသိဘူး။ လက်အောက်ငယ်သားတွေဆိုတာကလည်း အာခံလို့လည်းမရဆိုတော့ ခိုင်းတဲ့အတိုင်း လုပ်နေကြရတာပဲ

ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့အနေဖြင့် စစ်ကောင်စီတပ်၏ စစ်ဗျူဟာတပ် နှင့် နယ်ခြားစောင့်တပ်(BGF)အပါအဝင် တပ်ရင်း(၅)ရင်းရှိရာတွင်  အင်အားနည်းနေသည့်အတွက် တာချီလိတ်ခရိုင်အတွင်း တပ်ရင်း(၂၅)ရင်း ဝန်းကျင်ထဲက  အချို့ကို ခေါ်ယူအသုံးပြုထားရသလို စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များကိုလည်း လုံခြုံရေးအတွက်ဟုဆိုကာ ခေါ်ယူအသုံးပြုနေရကြောင်း သိရသည်။