မိုင်းဆတ်မူးယစ်ရဲက မူးယစ်ဆေး ဖမ်းမိသော်လည်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် ပတ်သက်နေ၍ ဘတ်(၁)သိန်းခွဲ ရယူပြီး ဖမ်းမိသူကို ပြန်လွှတ်

 မိုင်းဆတ်မူးယစ်ရဲက မူးယစ်ဆေး ဖမ်းမိသော်လည်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် ပတ်သက်နေ၍ ဘတ်(၁)သိန်းခွဲ ရယူပြီး ဖမ်းမိသူကို ပြန်လွှတ်
ဖေဖော်ဝါရီ 3, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်း မိုင်းတုံ နှင့် နားကောင်းမူးအကြား ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါး ဖမ်းမိသော်လည်း ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးနှင့် ပတ်သက်နေ၍ဟုဆိုကာ မဖမ်းဆီးဘဲ ငွေကြေးယူကာ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးကျော်သူ၊ ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်နိုင်ထွန်းတို့ ပါဝင်သည့် အဖွဲ့က ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လည်(၁)နာရီ ဝန်းကျင်အချိန်က မိုင်းတုံမြို့ နှင့် နားကောင်းမူးအကြားရှိ ကားလမ်းမပေါ်တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် နားကောင်းမူးဘက်ကနေ မိုင်းတုံဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးကို စစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသည့် အမျိုးသားတစ်ဦးမှာ မိုင်းတုံမြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ တပည့်ဖြစ်နေသည့်အတွက် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးကျော်သူ၊ ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်နိုင်ထွန်းတို့က အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင်ထံ ဆက်သွယ်ပြီး ထိုင်းဘတ်ငွေ (၁)သိန်းခွဲရယူပြီးနောက် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသည့် အမျိုးသားကို အရေးမယူတော့ဘဲ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် မိုင်းဆတ်တပ်နယ်အသိုင်းအဝန်းက Tachileik News Agency သို့ ဆက်သွယ်ပြောကြားလာခြင်း ဖြစ်သည်။

ရှမ်းရှေ့မှာတော့ မိုင်းဆတ်ခရိုင် နဲ့ တာချီလိတ်ခရိုင်က မူးယစ်အမှုတွေက ဒီလိုအပေးအယူတွေကများတယ်။ မိုင်းဆတ်ဆိုလည်း အရင်ကလည်း ခုလိုမျိုးကြားဖူးတယ်။ တာချီလိတ်ဆိုရင်လည်း တာချီလိတ်မြို့အပါအဝင် အပြင် မိုင်းယောင်းတို့ ဘက်လည်း ကြားဖူးတာပဲ။ ခုလည်း ပြည်သူ့စစ်ခေါင်းဆောင်နဲ့ပတ်သက်တာဆိုတော့ စစ်တပ်နဲ့လည်း အချိတ်အဆက်ရှိတာပေါ့။ ရှမ်းရှေ့မှာတော့ လက်နက်တို့၊ မူးယစ်ဆေးတို့နဲ့ပတ်သက်လာရင် လုပ်ငန်းရှင်ကြီးတွေက လိုက်ညှိနှိုင်းပေးလေ့ရှိတယ်။

ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပြည်သူ့စစ်အများအပြားရှိပြီး ၎င်းတို့သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်အောက်ခံများဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့သည် မြန်မာငွေအပြင် ထိုင်းဘတ်ငွေကို သုံးကြသည့် ဒေသဖြစ်သည်။