ဂျပန် နှင့် တောင်ကိုရီးယားတွင် COVID-19 ကူးစက်မှုများ မြင့်တက်

Photo:  REUTERS/Issei Kato
Photo: REUTERS/Issei Kato
ဂျပန် နှင့် တောင်ကိုရီးယားတွင် COVID-19 ကူးစက်မှုများ မြင့်တက်
By Mr John

 

အာရှဒေသတွင်း ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် COVID-19 ကူးစက်မှုများ မြင့်တက်လာနေမှုကြောင့် သတိပေးမှုများ အသီးသီး ထုတ်ပြန်လာကြသည်။ 

ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းအသစ်တစ်ခု နိုင်ငံတဝန်း လျင်မြန်စွာ ပျံ့နှံ့နေပုံရကြောင်း သတိပေးခဲ့ပြီး  သီတင်းပတ်ကုန်ရက်များနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် အထူးသတိထားကြရန် ပြောခဲ့သည်။

ဂျပန်တွင် ယခုနှစ်အစောပိုင်းမှစပြီး မကြုံခဲ့ရဖူးသော COVID-19 ကူးစက်မှုအသစ်များ မြင့်တက်လာမှုကို လတ်တလော ကြုံနေရပြီး ဇူလိုင်လ (၁၃) ရက်နေ့ ထုတ်ပြန်ချက်အရ တိုကျိုမြို့၌ ကူးစက်မှုအသစ် (၁၆,၈၇၈) ခု တွေ့ရှိခဲ့ရပြီး ဖေဖေါ်ဝါရီလနောက်ပိုင်း အမြင့်ဆုံးဖြစ်လာသည်။ 

ဖေဖေါ်ဝါရီလအတွင်းက ဂျပန်နိုင်ငံတဝန်း နေ့အလိုက် ကူးစက်မှု (၉၀,၀၀၀) အထက် မြင့်တက်ခဲ့သည်။

"ဇူလိုင်လ ၁၃ ရက်နေ့က တစ်နိုင်ငံလုံးမှာ စုစုပေါင်း ကူးစက်မှုအသစ် (၉၄,၄၆၆) ခု တွေ့ရပါတယ်။ အသစ်ကူးစက်ခံရတဲ့ လူနာအရေအတွက်က ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဥ်ရင် (၂.၁၄) ဆ မြင့်တက်လာတယ်။ လျင်မြန်စွာ ပျံ့နှံ့နေတာကို ကျွန်တော်တို့ တွေ့ရတယ်" ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး Hirokazu Matsuno က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

သို့သော် ဆေးရုံတက်ရမှု နည်းနေဆဲဖြစ်ပြီး ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုလည်း နည်းပါးကြောင်း ၎င်းကဆိုသည်။ 

တိုကျိုမြို့ကို COVID-19 သတိပေးချက် အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ထုတ်ပြန်သွားမည်ဟု Fuji News Network က ပြောသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဇူလိုင်လ (၁၄) ရက်နေ့ ဒေသစံတော်ချိန် ည(၆) နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားရန် စီစဥ်ထားပြီး COVID-19 ကူးစက်ပျံ့နှံ့နေမှု အခြေအနေ၊ ယန်းငွေတန်ဖိုးအားနည်းမှုကြောင့် ငွေကြေးဖောင်ပွမှုကို မည်သို့ ကိုင်တယ်ဆောင်ရွက်မည်ကိစ္စနှင့် ရုရှားက ယူကရိန်းကို ကျူးကျော်မှုနောက်ပိုင်း လောင်စာဆီဈေးနှုန်းများ မြင့်တက်နေမှုတို့ကို ရှင်းလင်းပြောကြားသွားမည်ဟု မျှော်လင့်ရသည်။

ဂျပန်နှင့်အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံတွင်လည်း နေ့အလိုက် COVID-19 ကူးစက်မှုများ (၄၀,၀၀၀) အထက်သို့ ခုန်တက်လာခဲ့ပြီး (၂) လအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပြီး အစိုးရက လာမည့် လများအတွင်း ကူးစက်မှုများ (၅) ဆ မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ 

"နေ့အလိုက် ကူးစက်မှုတွေက ဩဂုတ်လလယ်နဲ့ စက်တင်ဘာလနှောင်းပိုင်းအတွင်း (၂၀၀,၀၀၀) အထိ အများဆုံး မြင့်တက်လာနိုင်ပါတယ်" ဟု တောင်ကိုရီးယားဝန်ကြီးချုပ် Han Duck-soo က အစိုးရအဖွဲ့၏ COVID-19 အစည်းအဝေးတွင် ပြောခဲ့သည်။

ဝန်ကြီးချုပ်က တောင်ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာန Korea Disease Control and Prevention Agency (KDCA) နှင့် ကျွမ်းကျင်သူများကို ကိုးကားပြီး ထိုသို့ ပြောခဲ့ခြင်းလည်း ဖြစ်သည်။ 

တောင်ကိုရီးယားတွင် ဇူလိုင်လ (၁၃) ရက်နေ့က ကူးစက်မှုအသစ် (၄၀,၂၆၆) ခု တွေ့ရှိခဲ့ရပြီး ရှေ့တစ်ရက်ကထက် (၈) ရာခိုင်နှုန်း ခုန်တက်လာခဲ့ကြောင်းနှင့် မေလ (၁၁) ရက်နေ့တွင် ကူးစက်မှု (၄၃,၉၀၈) ခု တွေ့ခဲ့ရပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် တစ်ရက်လျှင် COVID-19 ကူးစက်မှု (၂၀၀,၀၀၀) ကို ဧပြီလအတွင်း တွေ့ခဲ့ရသည်။ တောင်ကိုရီးယားအစိုးရက ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်များ ပြန်ထုတ်ရန် ချက်ချင်း အစီအစဥ်မရှိသေးကြောင်း၊ သို့သော် COVID-19 အခြေအနေ စိုးရိမ်စရာ အပြောင်းအလဲရှိပါက ကန့်သတ်ချက်များ ပြန်သတ်မှတ်နိုင်သည်ဟု ဆိုသည်။ 

တောင်ကိုရီးယားတွင် မတ်လအတွင်း ကူးစက်မှုအထွတ်အထိပ်ရောက်ခဲ့စဥ်က တစ်ရက်လျှင် ကူးစက်မှုအသစ် (၆၀၀,၀၀၀) ကျော် တွေ့ခဲ့ရသည်။

အာရှဒေသတွင်း COVID-19 ကူးစက်မှုများ အသစ်တဖန် မြင့်တက်လာနေရာ ကူးစက်မှုအများစုမှာ အိုမီခရွန်၏ မျိုးကွဲများဖြစ်သည့် BA.5 နှင့် BA.5 တို့ ဖြစ်ကြသည်။ 

COVID-19 ဖြစ်စေသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်၏ ထပ်ဆင့်မျိုးကွဲများဖြစ်သော BA.4 နှင့် BA.5 တို့က အိုမီခရွန်၏ အခြား ထပ်ဆင့်မျိုးကွဲများထက် ပိုမိုပြင်းထန်ပြီး ၎င်းတို့အပေါ် ပဋိပစ္စည်းများ၏ ထိရောက်မှုလည်း လျော့နည်းကြောင်း ထိုင်းနိုင်ငံ ဆေးသိပ္ပံဌာန Department of Medical Sciences က ပြောသည်။ 

အရှေ့တောင်အာရှဒေသတွင်းရှိ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ကူးစက်မှုများ မြင့်တက်နေပြီး BA.4 နှင့် BA.5 ကူးစက်မှုများ ဖြစ်လာကြောင်း သိရသည်။

Source: Reuters