ဂျပန်စစ်တပ် သေနတ်ပစ်ကွင်းတွင်  လူ (၂) ဦး သေဆုံးသည့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်သားတစ်ဦးကို ဖမ်းဆီး

ဂျပန်စစ်တပ် သေနတ်ပစ်ကွင်းတွင်  လူ (၂) ဦး သေဆုံးသည့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်သားတစ်ဦးကို ဖမ်းဆီး
By Mr John

 ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ စစ်တပ် သေနတ်ပစ်ကွင်းတွင် လူ (၂) ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသည့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အသက် (၁၈) နှစ်အရွယ် ဂျပန်စစ်သားကို  ဇွန်လ (၁၄) ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

ဖမ်းဆီးထားသည့် ဂျပန်ကာကွယ်ရေးတပ် Self-Defence Force (SDF) တပ်ဖွဲ့ဝင်က Gifu မြို့ရှိ သေနတ်ပစ်ကွင်း၌  ၂၀၂၃ခုနှစ် ဇွန်လ (၁၄) ရက် နံနက် (၉) နာရီခန့်တွင် လူ (၃) ဦးအား အော်တိုမတ်တစ် သေနတ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲထားသည်။

ပစ်ခတ်ခံရသူ (၃) ဦးလုံးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး (၂) ဦးက ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ပစ်ခတ်မှုဖြင့် စွပ်စွဲခံရသည့် အမျိုးသားမှာ ၂၀၂၃ ခုနှစ် ဧပြီလတွင် တပ်ဖွဲ့ဝင်ဖြစ်လာခဲ့ကြောင်းနှင့် ပစ်ခတ်ခံရသူများမှာ နည်းပြများဖြစ်ကြောင်း SDF ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယာဆူနိုရီ မိုရီရှီတာက ပြောသည်။

ပစ်ခတ်ခံရသူများမှာ အသက် (၅၀) ကျော် အမျိုးသား တစ်ဦးနှင့် အသက် (၂၀) ကျော်အရွယ် (၂) ဦးတို့ဖြစ်ပြီး အရပ်သား သေဆုံးဒဏ်ရာရမှု မရှိကြောင်း ဂျပန်သတင်းဌာန NHK က ပြောသည်။ 

ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်းကဆိုသည်။ 

 

Source: Reuters, CNN

Photo: AP,