အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းတွင် မိုးသည်းထန်မှုနှင့် မိုးကြိုးပစ်မှုများကြောင့် အနည်းဆုံး လူ (၃၆) ဦး သေဆုံး

အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းတွင် မိုးသည်းထန်မှုနှင့် မိုးကြိုးပစ်မှုများကြောင့် အနည်းဆုံး လူ (၃၆) ဦး သေဆုံး
စက်တင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် အန္တရာယ်ရှိသည့် မိုးလေဝသ အခြေအနေကြောင့် လွန်ခဲ့သည့် (၂၄) နာရီအတွင်း အနည်းဆုံး လူ (၃၆) ဦး သေဆုံးကြောင်းနှင့် ၎င်းတို့အနက် (၁၂) ဦးမှာ မိုးကြိုးပစ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက စက်တင်ဘာလ (၂၄) ရက် နေ့လယ်ပိုင်းတွင် ပြောသည်။ 

လာမည့် ရက်များအတွင်း နောက်ထပ် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ၎င်းတို့က သတိပေးသည်။

အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်တဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုအတွင်း ၎င်းတို့၏‌ နေအိမ်များ ပြိုကျွန်မှုကြောင့် လူ (၂၄) ဦးခန့် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဌာန အကြီးအကဲ Ranvir Prasad က ပြောသည်။ 

Mohamed Usman အမည်ရှိ အသက် (၁၅) နှစ်အရွယ် ယောက်ျားလေးမှာ စက်တင်ဘာလ (၂၃) ရက် ညနေပိုင်းက Prayagraj မြို့ရှိ ၎င်း၏ သူငယ်ချင်းနေအိမ် ခေါင်းမိုးပေါ်တွင်ရှိနေစဥ် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပြီး သူငယ်ချင်းဖြစ်မှာ ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရသည်။

အစိုးရအရာရှိများ၏ ပြောကြားမှုအရ အူတာပရာဒက်ရှ်ပြည်နယ်တွင် ပြီးခဲ့သည့် (၅) နှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ (၃၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဇွန်လမှ စက်တင်ဘာလအထိဖြစ်ပွားသော အိန္ဒိယနိုင်ငံ၏ မုတ်သုန်ရာသီကာလတွင် မိုးကြိုးပစ်မှုများ ပုံမှန်ဖြစ်ပေါ်လေ့ရှိသည်။ 

သစ်တောပြုန်းတီးခြင်း၊ ရေအရင်းအမြစ်များလျော့နည်းခြင်းနှင့် ညစ်ညမ်းခြင်းတို့က ရာသီဥတုဖောက်ပြန်မှုကို ဖြစ်စေပြီး မိုးကြိုးပစ်မှုများ ပိုမိုဖြစ်ပေါ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန Indian Meteorological Department နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Lightning Resilient India Campaign မှ Sanjay Srivastava က ပြောသည်။

ကမ္ဘာကြီးပူနွေးခြင်းကလည်း မိုးကြိုးပစ်မှုအကြိမ်ရေကို မြင့်တက်စေကြောင်း Center for Science and Environment ၏ အထွေထွေညွှန်ကြားရေးမှူး Sunita Narain က ဆိုသည်။ 

ကမ္ဘာ့အပူချိန် (၁) ဒီဂရီဆဲလ်စီးယပ် မြင့်တက်ခြင်းက မိုးကြိုးပစ်မှုကို (၁၂) ဆတိုးလာသည်ဟု ဆိုသည်။

ယမန်နှစ်အတွင်း အိန္ဒိယနိုင်ငံတဝန်း မိုးကြိုးပစ်မှုများ (၃၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုလည်း မြင့်တက်ခဲ့သည်။ 

၂၀၁၆ ခုနှစ်က အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ (၁,၄၈၉) ဦးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် သေဆုံးသူ (၂,၈၆၉) ဦးသို့ မြင့်တက်ခဲ့ကြောင်း Sanjay Srivastava က ပြောသည်။

Source: AP