မြန်မာအပါအဝင် အခြားနိုင်ငံများသို့ လူကုန်ကူးသူများကို ဟောင်ကောင်ရဲ ဖမ်းဆီး

တရားခံများအား ဖမ်းဆီးရမိစဉ်။ Photo: The Standard
တရားခံများအား ဖမ်းဆီးရမိစဉ်။ Photo: The Standard
မြန်မာအပါအဝင် အခြားနိုင်ငံများသို့ လူကုန်ကူးသူများကို ဟောင်ကောင်ရဲ ဖမ်းဆီး
သြဂုတ် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် အချစ်ဇာတ်လမ်းဖန်တီးခြင်း  သို့မဟုတ် လစာကောင်း အလုပ်အကိုင်ရမည်ဟု ကတိမှားများဖြင့် အွန်လိုင်းမှလိမ်လည်သူ (၅) ဦးကို ဟောင်ကောင်တွင် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၌ သတင်းထုတ်ပြန်သည်။ 

ယင်းကဲ့သို့ လိမ်လည်သူများကို ယုံကြည်သည့် လိမ်လည်ခံရသူများမှာ မကြာသေးမီလများအတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအိုနိုင်ငံများကို ရောက်သွားခဲ့ကြပြီးနောက် တရားမဝင် ဝင်ရောက်မှုဖြင့် ထိန်းသိမ်းခံရခြင်း၊ အတင်းအကျပ် အလုပ်စေခိုင်းခံရခြင်းများနှင့် ကြုံတွေ့ခဲ့ကြရသည်ဟု သိရသည်။

ဟောင်ကောင်တာဝန်ရှိသူများက ယင်းကဲ့သို့လိမ်လည်ခံရသူများကို ကူညီရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို  ဩဂုတ်လ (၁၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အွန်လိုင်းမှလိမ်လည်ခံရ၍ ရဲတပ်ဖွဲ့ထံ အကူအညီတောင်းသည့် (၃၆) မှုအနက် အားလုံးနီးပါးမှာ အလုပ်အကိုင်ရမည်ဟု လိမ်လည်ခံရမှုများဖြစ်ပြီး စနစ်တကျ အုပ်စုဖွဲ့ကျူးလွန်ကြခြင်းဖြစ်သည်ဟု ဟောင်ကောင် ရာဇဝတ်မှုနှင့် လျှိုဝှက်ဒုစရိုက်အဖွဲ့အစည်းဆိုင်ရာ ရဲဌာနအကြီးအကဲ Tony Ho က ပြောသည်။

ရဲတပ်ဖွဲ့က စုံစမ်းပြီးနောက် မဖြစ်နိုင်သည့်လုပ်ငန်းများရမည်ဟု မက်လုံးပေးဆွဲဆောင်၍ လူစုနေသည့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးကို လူကုန်ကူးမှုသံသဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မက်လုံးပေးလုပ်ငန်းများကို ယုံကြည်၍ နိုင်ငံရပ်ခြားထွက်ခွာသွားသူ  (၂၂) ဦးမှာ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ပိတ်မိနေဆဲဖြစ်သည်ဟု ယူဆထားပြီး ၎င်းတို့အနက်မှ (၉) ဦးမှာ မိသားစု သို့မဟုတ် ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။ 

လိမ်လည်သူများက မက်လုံးပေးဆွဲဆောင်ခံရသူများကို သက်ဆိုင်ရာနိုင်ငံသို့သွားရန် လေယာဉ်လက်မှတ်များ စီစဉ်ပေးပြီး သက်ဆိုင်ရာနိုင်ငံအရောက်တွင် နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းကာ ၎င်းတို့အတင်းအကြပ်အလုပ်စေခိုင်းမည့်နေရာများသို့ ပို့ခံလိုက်ရကြောင်း သိရသည်။

ယင်းသို့လိမ်လည်ခံရသည့် ဟောင်ကောင်တစ်ဦးမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် တစ်လခန့်ကြာ ပိတ်မိနေခဲ့ပြီး မိသားစုက ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံနိုင်ခဲ့ကြောင်း ဟောင်ကောင် DAB ပါတီမှ နိုင်ငံရေးသမားများက သတင်းထောက်များကို ဩဂုတ်လ (၂၁) ရက်နေ့တွင် ပြောသည်။

"ကိုယ်ထိလက်ရောက် စော်ကားခံရတယ်လို့ သူ့မိသားစုက သံသယရှိခဲ့ကြတယ်" ဟု လိမ်လည်ခံရသူ၏ မိသားစုက ဆက်သွယ်ခဲ့သည့် နိုင်ငံရေးသမား Woo Cheuk-him က ဆိုသည်။ 

"သူပြောတာက တစ်နေ့ကို (၁၀) နာရီကျော် အလုပ်လုပ်ရတယ်။ အလုပ်ကောင်းကောင်းမလုပ်ရင် အစားအစာ အလုံအလောက်မပေးဘူးလို့ ပြောတယ်" ဟု Woo Cheuk-him က အတင်းအကြပ်အလုပ်စေခိုင်းခံရသူများ၏အခြေအနေကို ပြောပြသည်။

လူကုန်ကူးမှုနှင့် အတင်းအကျပ် အလုပ်စေခိုင်းမှုတို့အတွက် သီးခြားဥပဒေမရှိသည့် ဟောင်ကောင်တွင် လက်ရှိဥပဒေများက အဆိုပ လိမ်လည်မှုများကို ကိုင်တွယ်ဆောင်ရွက်ရန် မလုံလောက်ကြောင်း လူ့အခွင့်အရေးရှေ့နေ Patricia Ho ဩဂုတ်လ (၁၈) ရက်နေ့တွင် သုံးသပ်ပြောဆိုထားသည်။

Source: AFP