မူလန်ကြောင့် မိုးသည်းထန်ပြီး မြန်မာ-ထိုင်းနယ်စပ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့စဉ်
တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့စဉ်
မူလန်ကြောင့် မိုးသည်းထန်ပြီး မြန်မာ-ထိုင်းနယ်စပ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့
သြဂုတ် 15, 2022 | ရှမ်းရှေ့
By Mr John

အပူပိုင်းလေဖိအားနည်းရပ်ဝန်း မူလန် (Mulan) ကြောင့် မိုးသည်းထန်စွာရွာသွန်းရာမှ ဩဂုတ်လ (၁၃) ရက်နေ့က ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ မြို့များ ရေနစ်မြုပ်ခဲ့ကြသည်။ 

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ မြေသားတမံတစ်ခု ကျိုးပေါက်ခဲ့ပြီးနောက် ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ပြည်တွင်းမီဒီယာကို ကိုးကားပြီး Reuters သတင်းက ဖော်ပြသည်။

ရေကြီးနေမှုမှာ ဩဂုတ်လ (၁၄) ရက်နေ့တွင် အများအားဖြင့် ပြန်ကျသွားခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်ရိုင်းပြည်နယ်ရှိ မယ်ဆိုင်မြို့တွင် အိမ်ထောင်စု (၂,၀၀၀) ကျော် ရေနစ်မြုပ်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင်လည်း စံချိန်တင် ရေကြီးနစ်မြုပ်မှုများ ကြုံခဲ့ရသည်။ 

ထိုင်းအစိုးရအရာရှိတစ်ဦး၏ အဆိုအရ နယ်စပ်၏မြောက်ဘက် (၂၃) မိုင်ခန့်အကွာရှိ မြန်မာဘက်မှ မြေသားတမံတစ်ခုမှာ ဩဂုတ်လ (၁၂) ရက်နေ့ကတည်းက ကျိုးပေါက်ခဲ့ပြီး မယ်ဆိုင်ချောင်း၏ ရေမျက်နှာပြင် လျင်မြန်စွာ မြင့်တက်လာခဲ့ကာ ရေကြီးမှုများ စတင်ဖြစ်ပေါ်နေခဲ့သည်ဟု ဆိုသည်။

မြန်မာဘက်က မြေသားတမံကျိုးပေါက်မှုနှင့် ပတ်သက်၍လည်း ဒေသတွင်း၌ စည်ပင်သာယာရေးဌာန၏ ရေလှောင်ကန် သို့မဟုတ် ပုဂ္ဂလိကရေပေးဝေရေး၏ နေရာ ကျိုးပေါက်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာများက ယင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။

"ချောင်းတစ်လျှောက် ရေမျက်နှာပြင်ကို ထိန်းထားဖို့ အသုံးပြုတဲ့ ရေနုတ်မြောင်းက ကျိုးပေါက်သွားခဲ့ပြီး လျှံကျလာတဲ့ ရေတွေက လမ်းတွေနဲ့ နေအိမ်တွေထဲကို စီးဝင်ခဲ့တယ်။ အချို့နေရာတွေမှာ ခါးနဲ့ရင်ဘတ်လောက်အထိ ရေကြီးခဲ့တယ်" ဟု မယ်ဆိုင်မြို့တော်ဝန် Narongphol Kid-arn က ပြောသည်။ 

ထိုအတောအတွင်း ထိုင်းနိုင်ငံ National Water Command Centre ကလည်း လာအိုနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ (၁၄) ရက်မှ (၁၈) ရက်အတွင်း မဲခေါင်မြစ်၏ ရေမျက်နှာပြင် (၆) ပေခွဲအထိ မြင့်တက်လာနိုင်ကြောင်း ဩဂုတ်လ (၁၃) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

Source: Reuters