တာချီလိတ်တွင် စံချိန်တင် ရေကြီးနစ်မြုပ်မှုဖြစ်နေပြီး ဘေးလွတ်ရာထွက်ရန် အကူအညီလိုသူများရှိနေ

တာချီလိတ်တွင် စံချိန်တင် ရေကြီးနစ်မြုပ်မှုဖြစ်နေပြီး ဘေးလွတ်ရာထွက်ရန် အကူအညီလိုသူများရှိနေ
သြဂုတ် 13, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်တွင် စံချိန်တင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေပြီး ရေဝင်နစ်မြုပ်နေသည့် အိမ်များမှ ဘေးလွတ်ရာရွှေ့ပြောင်းရန် အကူအညီ လိုအပ်နေသူများလည်းရှိနေကြောင်း သိရသည်။

ယနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် မိုးဆက်လက်ရွာသွန်းနေကာ ရေကြီးနစ်မြုပ်မှု ပိုမိုဆိုးလာနေပြီး နေအိမ်ဆိုင်ခန်းအချို့မှ မိသားစုများမှာ ဘေးလွတ်ရာရွှေ့ပြောင်းရန် အကူအညီလိုနေသည်ဟု သိရသည်။

"ကျွန်မတို့မိသားစု ပိတ်မိနေလို့ ကယ်ဆယ်ရေးနဲ့ ချိတ်ချင်တာ ဘယ်ကို ဆက်သွယ်ရမှန်းမသိ ဖြစ်နေတာ။ ရေက ဆိုင်ထဲမှာထက် အပြင်မှာပိုများနေတော့ ကလေးနှစ်ယောက်နဲ့ အပြင်ထွက်ဖို့ အခက်အခဲဖြစ်နေကြတာ"ဟု ဆန်ဆိုင်းရပ်ကွက်အတွင်း ပိတ်မိနေသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရေကြီးနစ်မြုပ်နေသည့်အပိုင်းများတွင် ရေစီးလည်းသန်နေသဖြင့် အချို့မှာ ရေထဲမှ ဖြတ်လျှောက်ရန် အခက်အခဲဖြစ်နေကြပြီး ရေဝင်နစ်မြုပ်နေသည့် နေအိမ်အတွင်း ပိတ်မိနေကာ အစားအသောက်ပါ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

ရေကြီးရေလျှံမှုကြောင့် တာလော့ဈေးအတွင်း အပါအဝင် တာလော့ရပ်ကွက် ကမ်းနားလမ်း နှင့် မယ်ဆိုင်ချောင်းနှင့် နီးရာ နေအိမ်အချို့တွင် ဩဂုတ်လ(၁၂)ရက်နေ့ကတည်းက ပိတ်မိနေသူများရှိနေပြီး စားစရာလည်းမရှိတော့သည့် အနေအထားဖြစ်နေကြောင်း နှင့် လျှပ်စစ်မီးလည်းမရသည့်အတွက် ဖုန်းဆက်သွယ်ကာ အကူအညီတောင်းခံရန် ဖုန်းအားမရှိတော့သည့် အခြေအနေပါ ဖြစ်နေ၍ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေစီးသန်ပြီ ရေနစ်မြုပ်မှုများသည့် နေရာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးခြင်းက ပိတ်မိသူများ ထွက်လာနိုင်သည်ဟု သိရသည်။ 



ကူညီမှုအသင်းများအပါအဝင် ပုဂ္ဂလိကအလှူရှင်အချို့က ယင်းကဲ့သို့ ပိတ်မိနေသူများအား အစားအသောက်အကူအညီ ပို့ဆောင်ပေးရန် ကြိုးစားနေကြသည်ကိုလည်း တွေ့ရသည်။

ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့တွင် ရေဆက်တက်လာပြီး မယ်ဆိုင်ချောင်းအနီး အနိမ့်ပိုင်းရှိ တာလော့ဈေး ရေကြီးနစ်မြုပ်သွားသည့်အပြင် တာလော့ရပ်ကွက်အတွင်း ကမ်းနားလမ်းတလျှောက်နှင့် အနိမ့်ပိုင်း ရပ်ကွက်များတွင်လည်း ရေဝင်နစ်မြုပ်မှုတိုးလာနေခြင်းဖြစ်သည်။

#TachileikNewsAgency