တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့နှင့် စစ်ကောင်စီတို့ မိုင်းလားတွင် တွေ့ဆုံ ဆွေးနွေး နေ 

တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့နှင့် စစ်ကောင်စီတို့ မိုင်းလားတွင် တွေ့ဆုံ ဆွေးနွေး နေ 

 တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီတို့ မိုင်းလားတွင် တွေ့ဆုံဆွေးနွေးနေပြီး ပထမနေ့ ဆွေးနွေးမှုအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပြင် ဖမ်းဆီးထားသူများ ပြန်လည်လွတ် မြောက်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့နှင့် စစ်ကောင်စီသည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၁)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄) မိုင်းလားတွင် တွေ့ ဆုံဆွေးနွေးနေကြဖြစ်ပြီး ယနေ့ ဇွန်လ(၂)ရက်နေ့တွင်လည်း ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာကိစ္စများ၊ ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စနှင့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အမြန်ဆုံး အဆင်ပြေချောမွေ့ စွာ ရောက်ရှိနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသည်။

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အဆိုပါ တွေ့ဆုံနွေးပွဲတွင် စစ်ကောင်စီဘက်က  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့်အဖွဲ့တို့က မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) ၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)တို့မှ တာဝန်ရှိသူများ တွေ့ဆုံပြီး ဆွေးနွေးကြခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း အဆိုပါ တွေ့ဆုံဆွေးနွေးမှု အောင်မြင်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်လည်း မိုင်းလားမြို့ကို ရောက်ရှိနေကြောင်း သိရသည်။

ယခုလို ဆွေးနွေးရေးကိစ္စကို တရုတ်အစိုးရ ကြားဝင်လုပ်ဆောင်ပေးပြီး ဆွေးနွေးပွဲကာလအတွင်း နေထိုင်မှုနှင့်လုံခြုံရေးအတွက် အထူးဒေသ(၄)မိုင်းလားဘက်က တာဝန်ယူပေးထားကြောင်း မိုင်းလားဘက်က သတင်းထုတ်ပြန်ထားသည်။