တာချီလိတ်တွင် COVID 19 ကာကွယ်ရေးအတွက် Mask မပါဘဲ အပြင်ထွက်သွားလာခွင့် မပြုတော့

တာချီလိတ်တွင် COVID 19 ကာကွယ်ရေးအတွက် Mask မပါဘဲ အပြင်ထွက်သွားလာခွင့် မပြုတော့
ဧပြီ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID 19 ကာကွယ်ရေးအတွက် Mask မပါဘဲ အပြင်ထွက်သွားလာခွင့် မပြုတော့

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ အပြင်ထွက်ရပါက Mask မဖြစ်မနေ တပ်ဆင်ရန် လိုအပ်ပြီး Mask တပ်ဆင်ခြင်းမပြုပါက အပြင်သွားလာခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

ကျွန်တော်တို့ ကြီးကြပ်ရေးအဖွဲ့တွေနဲ့ တစ်နေ့လုံး စစ်သွားမှာ။ Mask မတပ်ဘဲ သွားလာတာတွေ့ရင် နာမည်၊ နေရပ်လိပ်စာယူထားပြီး အိမ်ပြန်ခိုင်းမယ်။ Mask မတပ်ဘဲ အပြင်ထွက်ခွင့်မပေးဘူး။ ဒေသန္တရအမိန့်အတိုင်း လိုက်နာဖို့ ကြီးကြပ်ရေးအဖွဲ့တွေနဲ့ တစ်နေ့ (၃) ကြိမ်လောက်တော့ လှည့်စစ်မယ်

ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၃)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာကွယ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ လိုက်နာဆောင်ရွက်ရမည့်အချက်များကို မတ်လ (၁၃) ရက်နေ့နှင့် ဧပြီလ (၁၂)ရက်နေ့တို့တွင်  ဒေသန္တရအမိန့်များ ထုတ်ပြန်ထားခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်သည်။

ကူးစက်မြန်ရောဂါ COVID 19 သည် ဗိုင်းရပ်စ်သယ်ဆောင်ထားသူ ချောင်းဆိုးနှာချေရာမှ လွင့်စင်ထွက်သည့် အမှုန်များ တင်ကျန်ခဲ့သည့်နေရာများကို ထိတွေ့ကိုင်တွယ်မိရာမှတစ်ဆင့်လည်းကောင်း၊ ဗိုင်းရပ်စ်သယ်ဆောင်ထားသူနှင့် အနီးဝန်းကျင် လေထုမှတစ်ဆင့်လည်းကောင်း ကူးစက်နိုင်သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် ဒေသန္တရအမိန့်ဖြင့် တားဆီးထားခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ (၁၂)ရက်နေ့က ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသူများကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားပြီဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~