မုံရွာ - စစ်ကိုင်းလမ်းတွင် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးမဟာမိတ် ၅ ဖွဲ့ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်

မုံရွာ - စစ်ကိုင်းလမ်းတွင် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးမဟာမိတ် ၅ ဖွဲ့ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ မုံရွာမှ စစ်ကိုင်းဘက်သို့ ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်း ၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက တော်လှန်ရေးမဟာမိတ် (၅)ဖွဲ့ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ် (၁၃)စီးပါသည့် အဆိုပါယာဉ်တန်းကို မြင်းမူမြို့ Black Eagle Defence Force-MMU နှင့် ညီနောင်မဟာမိတ်အဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းကို ဖြတ်သန်းစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Black Eagle Defence Force-MMU က သတင်းထုတ်ပြန်သည်။

အဆိုပါယာဥ်တန်းသည် နံနက် (၃)နာရီခွဲကျော်တွင် ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာအကြား၌ ပဒေသာမိုင်း (၄) လုံးတွဲဖြင့် တစ်ကြိမ်၊ Mytel တာဝါတိုင်များဖြင့် ပြုလုပ်ထားသည့် မိုင်တဲမမ (၂)လုံးဖြင့်တစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီယာဥ်တန်းမှ ယာဉ် (၃)စီး ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force- MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။