ကလေးမြို့နယ်တောင်ပိုင်းအတွင်း (၂)ရက်အကြာ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား(၄)ဦး၏ အလောင်းတွေ့ပြီး လက်နက်များလည်း သိမ်းဆည်းရရှိ

Photo: People's Defence Force - Kalay
Photo: People's Defence Force - Kalay
ကလေးမြို့နယ်တောင်ပိုင်းအတွင်း (၂)ရက်အကြာ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား(၄)ဦး၏ အလောင်းတွေ့ပြီး လက်နက်များလည်း သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုရွာဘက်သို့  စစ်ကြောင်းထိုးကာ နေအိမ်များမီးရှို့သည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ (၂)ရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သား (၄)လောင်းနှင့်လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ကလေး PDF က ယနေ့ မေလ(၄)ရက်တွင် သတင်းထုတ်ပြန်လာသည်။

မေလ(၂)ရက်နေ့က စတင်ကာ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာခဲ့ရာ PDF (Kalay) ၊ CDF (KKG) ၊ RKDF ၊ ပ.က.ဖ နှင့် Zomi PDF ပူးပေါင်းတပ်ဖွဲ့များဖြင့် မေလ(၃)ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များမှ ရှေ့တန်းနယ်မြေရှင်းလင်းခဲ့စဉ်အတွင်း စစ်ကောင်စီတပ်သား အလောင်း(၄)လောင်းနှင့်အတူ MA1 မောင်းပြန်သေနတ်(၂)လက်၊ MA2 စက်ကလေး (၂)လက်၊ MA ကျည်အိမ်  (၁၀)ခု ၊ ၅.၅၆ ကျည် အတောင့်(၁၅၀)၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်ဗုံး (၁)လုံး နှင့် ဖုန်း (၂)လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှ လွှတ်တင်သော ဗုံး (၃)လုံးပါဝင်သည့် တိုက်ခိုက်‌ရေးဒရုန်း (၁)စင်း ကိုလည်း ပူးပေါင်းတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency