ဆန်ဖရန်စစ္စကို မြေအောက်ရထားဘူတာရုံတွင် ကင်းလှည့် စောင့်ကြပ်နေသည့် အသက် (၅) နှစ်အရွယ် သိမ်းငှက်ကြီး

ဆန်ဖရန်စစ္စကို မြေအောက်ရထားဘူတာရုံတွင် ကင်းလှည့် စောင့်ကြပ်နေသည့် အသက် (၅) နှစ်အရွယ် သိမ်းငှက်ကြီး
သြဂုတ် 12, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို Bay Area ရှိ မြေအောက်ရထားစီးသူများအတွက် မကြာသေးမီ လများအတွင်းက ဘူတာရုံလုံခြုံရေးအစောင့်အသစ်ကို သတိပြုမိလိမ့်မည် ဖြစ်သည်။ 

ထိုလုံခြုံရေးအစောင့်အသစ်မှာ လူသားတစ်ဦးမဟုတ်သည့် သိမ်းငှက်တစ်ကောင်ဖြစ်နေခြင်းက ထူးခြားနေခဲ့သည်။

အသက် (၅) နှစ်အရွယ် Pac-Man ဟု အမည်ပေးထားသည့် Harris's hawk သိမ်းငှက်တစ်ကောင်က ဆန်ဖရန်စစ္စကို Bay Area ရှိ El Cerrito del Norte ဘူတာရုံတွင် ၎င်း၏ သိမ်းငှက်မျက်လုံးအစုံဖြင့် ပျံသန်းစောင့်ကြပ်နေသည်ကို တွေ့ရမည်။ 

သိမ်းငှက်ကြီး Pac-Man က လက်မှတ်မဝယ်ဘဲ ရထားခိုးစီးသူတွေကို စောင့်ကြည့်ခြင်းမဟုတ်ဘဲ ခိုများကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

သိမ်းငှက်ကြီး Pac-Man နှင့် ၎င်းကိုထိန်းသိမ်းသူ Ricky Ortiz တို့က ယခုနှစ် နွေရာသီမှစပြီး ဘူတာရုံတွင် ခိုများကို စောင့်ကြည့် ကြည့်ရှုပြီး မောင်းထုတ်ရန် တာဝန်ယူထားကြသည်။ 

Bay Area Rapid Transit  (BART) က Bay Area ၏ ဘူတာရုံတွင် ရထားစီးသူမျာကို ခိုးချေးမှ ကာကွယ်ရေးအတွက် ခိုများကို ခြောက်လှန့်မောင်းထုတ်ရန် သိမ်းငှက်ကြီး Pac-Man ကို စာချုပ်ဖြင့် ငှားရမ်းတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

သိမ်းငှက်ကြီးက ၎င်း၏သခင်ဖြစ်သူနှင့်အတူ တစ်ပတ်လျှင် (၃) ရက် ဘူတာရုံ၏ ဝင်ပေါက်များမှစပြီး ပလက်ဖောင်းများအထိ ပျံသန်းကင်းလှည့်စောင့်ကြပ်ကာ ဘူတာရုံအတွင်းပိုင်း နေရာများတွင် ဝင်ရောက်နေတတ်ကြသည့် ခိုများကို ခြောက်လှန့်မောင်းထုတ်ပေးသည်။

သိမ်းငှက်ကြီး ပျံသန်းကင်းလှည့်ပြီးနောက်တစ်ပတ်တွင် ဘူတာရုံ၌ ခိုအကောင်ရေ ထက်ဝက်ခန့် လျော့နည်းသွားခဲ့သည်ဟု Ortiz က ဆိုသည်။

သိမ်းငှက်ကြီး Pac-Man ကို ဘူတာရုံရှိ ခိုးများ သို့မဟုတ် ကြွက်များကို သုတ်ယူစားခြင်းမရှိစေရန် ထိန်းသိမ်းထားပြီး အလုပ်တွင် ပျော်ရွှင်စေရန် ၎င်းအား မုန့်ကျွေးပေးသည်ဟု Ortiz က ပြောသည်။ 

သိမ်းငှက်ကြီး Pac-Man မှာ ဘူတာရုံတွင် ရထားစီးသူများနှင့် ထိတွေ့ရင်းနှီးမှုရှိလာသည်ဟုလည်း ဆိုသည်။ 

အသက် (၄၃) နှစ်အရွယ် ရထားစီးသူ Bethany Campbell က Oritz နှင့် သိမ်းငှက်ကြီး Pac-Man တို့နှင့်အတူ ဆဲလ်ဖီရိုက်ပြီး သူမ၏မိသားစုထံ ဓာတ်ပုံပို့ခဲ့သည်။

"ကျွန်မတို့က Midwest နဲ့ တောင်ပိုင်းမှာ မိသားစုရှိတယ်။ ဒီ Bay Area မှာ အားလုံးက အထူးအဆန်းတွေချည်းပဲလေ။ ဒီမှာ ငှက်ရှင်းလင်းရေးကို ငှက်နဲ့လုပ်နေတာက သူတို့အတွက် ထူးခြားနေမှာ" ဟု Campbell က ပြောသည်။

 

Source: Reuters

Photo: REUTERS/Carlos Barria