လက်နက်ကိုင်တော်လှန်သူများကို မြန်မာအာဏာသိမ်းစစ်အုပ်စုက အနိုင် မယူနိုင်ကြောင်း အမေရိကန် သံတမန်ပြော

လက်နက်ကိုင်တော်လှန်သူများကို မြန်မာအာဏာသိမ်းစစ်အုပ်စုက အနိုင် မယူနိုင်ကြောင်း အမေရိကန် သံတမန်ပြော
By Mr John

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ၎င်း၏အုပ်ချုပ်မှုကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေသူများအား အနိုင်ရနိုင်ဖွယ်မရှိကြောင်းနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်သင့်ကြောင်း အကြီးတန်း အမေရိကန်သံတမန်တစ်ဦးက ဆိုသည်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet

“သူတို့ အနိုင်ရနိုင်တယ်လို့ လက်တွေ့ကျကျ ဘယ်လို တွေးထင်သလဲဆိုတာ အခုအချိန်မှာ နားလည်ဖို့ခက်ပါတယ်။ သူတို့ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေတယ်။ သူတို့စစ်တပ်က အကြီးအကျယ် အထိနာနေတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က ပြောသည်။

ဇွန်လ (၁၀) ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Reuters နှင့် အခြား သတင်းဌာနများကို တွေ့ဆုံရာတွင် Derek Chollet  က စစ်အုပ်စုမှာ နိုင်ငံတကာသာမက ပြည်တွင်း၌လည်း အထီးကျန်ဖြစ်လာကြောင်းနှင့် တိုက်ခိုက်မှုရပ်ပြီး ဒီမိုကရေစီကို ပြန်သွားသင့်ကြောင်း ပြောခဲ့သည်။ 

စစ်အုပ်စုက ငြိမ်းချမ်ရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် အာဏာသိမ်းပြီး ဖမ်းဆီးထောင်ချကာ ဖြုတ်ချခဲ့သည်။

ထိုစဥ်ကတည်းက ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူများအား ဖိနှိပ်ရန် စစ်အုပ်စုက သေစေလာက်သည့် အင်အားသုံးခြင်းနှင့် လူအစုလိုက်အပြုံလိုက်ကို ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့သည်။ 

နောက်ပိုင်းတွင် သာမန်အရပ်သား ပြည်သူများက လက်နက်စွဲကိုင်ကာ ရဲနှင့်စစ်တပ်ကို တိုက်ခိုက်လာခဲ့ကြသည်။ 

၎င်းတို့ကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေသူများကို စစ်အုပ်စုက အကြမ်းဖက်သမားများအဖြစ် ကြေညာခဲ့သည်။

Derek Chollet ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး တုံ့ပြန်မှတ်ချက်ပေးမှုကို သိရှိရန် စစ်အုပ်စု ပြောခွင့်ရပုဂ္ဂိုလ်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ကြောင်း Reuters က ဆိုသည်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က ပြီးခဲ့သည့် မေလအတွင်း အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး နောက်ဆက်တွဲ ကိစ္စရပ်များအတွက် ထိုင်း၊ စင်ကာပူနှင့် ဘရူနိုင်းသို့ ခရီးစဥ်လာရောက်ခြင်း ဖြစ်သည်။

မြန်မာနှင့်ပတ်သက်၍ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် အမေရိကန်က စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားကဲ့သို့ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းကဆိုသည်။ 

တရုတ်က မြန်မာနိုင်ငံတွင် "ဖြေရှင်းနည်း၏ အစိတ်အပိုင်း" ဖြစ်နိုင်သည်ဟု မျှော်လင့်ထားကြောင်းလည်း Derek Chollet က ပြောခဲ့သည်။

Source: Reuters