ထိုင်းဝန်ကြီးချုပ် ပရာယွတ်က နိုင်ငံရေးပါတီသစ်သို့ ဝင်ရောက်ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲဝင်မည်ဟု ကြေညာ

Photo: Lillian SUWANRUMPHA / POOL/AFP
Photo: Lillian SUWANRUMPHA / POOL/AFP
ထိုင်းဝန်ကြီးချုပ် ပရာယွတ်က နိုင်ငံရေးပါတီသစ်သို့ ဝင်ရောက်ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲဝင်မည်ဟု ကြေညာ
ဒီဇင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) က နိုင်ငံရေးပါတီသစ် United Thai Nation (UTN) (Ruam Thai Sang Chart) သို့ ဝင်ရောက်မည်ဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြုလုပ်ရန် စီစဥ်ထားသည့် အထွေထွေရွေးကောက်ပွဲတွင် UTN ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ယှဥ်ပြိုင်သွားမည်ဟု ဒီဇင်ဘာလ (၂၃) ရက်က အတည်ပြုခဲ့သည်။

၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် အငြင်းပွားဖွယ် ရွေးကောက်ပွဲဖြင့် ဝန်ကြီးချုပ်လာခဲ့သူ ပရာယွတ်က လာမည့် ရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ်ရာထူးတွင် နောက်ထပ် (၂) နှစ် ဆက်ရှိနေလိုကြောင်းလည်း ဒီဇင်ဘာလ (၆) ရက်နေ့တွင် ထုတ်ဖော်ပြောထားသည်။ 

ယခုအခါ အသစ်တည်ထောင်ထားသည့် UTN ပါတီက ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် ၎င်းအား ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ထားကြောင်း ပရာယွတ်က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်တွင် သတင်းထောက်များကို အတည်ပြုခဲ့သည်။

"ကျွန်တော် UTN ပါတီကိုဝင်ဖို့ ဆုံးဖြတ်ထားပါတယ်"ဟု ဝန်ကြီးချုပ်ပရာယွတ်က ပြောသည်။ 

လက်ရှိ အာဏာရ ညွှန်ပေါင်းအုပ်စုကို ဦးဆောင်သည့် Palang Pracharath Party (PPRP) ပါတီမှ ပရာယွတ် နုတ်ထွက်မည်ဟု အများစုက ခန့်မှန်ထားခဲ့ကြသည်။ 

PPRP ပါတီက ပါတီခေါင်းဆောင်နှင့် လက်ရှိ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါဆူဝမ် (Prawit Wongsuwan) ကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားမည်ဟု ကြေညာထားသည်။

ပရာယွတ်နှင့် ပရာဝစ်တို့ နှစ်ဦးလုံးက ထိုင်းစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် အခွင့်အလမ်းများမှာ ဆယ်စုနှစ်များကြာ ရောယှက်ဆက်နွယ်နေခဲ့သည်။ 

နိုင်ငံရေးလမ်းကြောင်းများ မတူညီတော့သော်လည်း ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေး ခိုင်မာနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်က ဆိုသည်။

လာမည့် ရွေးကောက်ပွဲပြီးနောက် ပရာယွတ်က ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၏ စက်တင်ဘာလအတွင်း ဆုံးဖြတ်ချက်အရ ၎င်း၏ ဝန်ကြီးချုပ်သက်တမ်း (၈) နှစ်မှာ ၂၀၂၅ ခုနှစ်အထိဖြစ်ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်ပရာယွတ်၏ လက်ရှိအစိုးရသက်တမ်း (၄) နှစ်မှာ လာမည့် ၂၀၂၃ ခုနှစ် မတ်လတွင် ပြီးဆုံးမည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကို မေလ (၇) ရက်တွင် ကျင်းပရန် စီစဥ်ထားသည်။

ဝန်ကြီးချုပ်ပရာယွတ် ဝင်ရောက်မည့် UTN ပါတီကို ၎င်း၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆောင်ရွက်နေသူ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်ဟောင်း Pirapan Salirathavibhaga က လက်ရှိ ဦးဆောင်နေသည်။ 

UTN ပါတီကို ပရာယွတ်၏ လက်ထောက်ဟောင်းဖြစ်သူ Seksakol Atthawong က ၂၀၂၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ 

လာမည့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ပရာယွတ်က ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေလိုပါက ၎င်းအားထောက်ခံရန် ရည်ရွယ်ချက်ဖြင့် ထိုနိုင်ငံရေးပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းလည်း ဖြစ်သည်။



Source: AFP, Bangkok Post