မွေးနေ့ပါတီ အတူကျင်းပပြီး ရည်းစားဟောင်းကိစ္စ စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူကို သတ်ဖြတ်ကာ မီးရှို့ အလောင်းဖျောက်ခဲ့သည့် ထိုင်းအမျိုးသား

မွေးနေ့ပါတီ အတူကျင်းပပြီး ရည်းစားဟောင်းကိစ္စ စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူကို သတ်ဖြတ်ကာ မီးရှို့ အလောင်းဖျောက်ခဲ့သည့် ထိုင်းအမျိုးသား
ဖေဖော်ဝါရီ 22, 2024 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် အသက် (၃၃) နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း၏မွေးနေ့ပါတီပွဲကို ဇနီးဖြစ်သူနှင့်အတူ ကျင်းပပြီးနောက် ရည်းစားဟောင်းနှင့် ပတ်သက်၍ စကားများရန်ဖြစ်ပြီး ဇနီးအား သတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

 ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့တွင် ခင်ပွန်းဖြစ်သူ Sirichai ၏ မွေးနေ့ပါတီပွဲကို အတူတကွ ကျင်းပရာ မွေးနေ့ပါတီပွဲတွင် အရက်မူးနေခဲ့ကြပြီး Chonlada က Sirichai ၏ ရည်းစားဟောင်းအကြောင်း ပြောဆိုခဲ့ရာမှ တဆင့် စကားများရန်ဖြစ်ကာ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့၏ ဒေသစံတော်ချိန် နံနက် (၃) နာရီဝန်းကျင်တွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ကန်ကျောက်မှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Sirichai Rakthong ဆိုသူ အမျိုးသားသည် အသက် (၂၇) နှစ်အရွယ်ရှိ ၎င်း၏ ဇနီး Chonlada Muthuwong အား ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက် နံနက်မိုးလင်းချိန်တွင်  သေဆုံးနေပြီဖြစ်ကြောင်း Sirichai က သိရှိသွားခဲ့ပြီးနောက် အလောင်းကို ခရီးဆောင် သေတ္တာထဲထည့်ပြီး  Sirichai က ပရာချန်ဘူရီရှိ ရာဘာစိုက်ခင်းတွင် အလောင်းကို မီးရှို့ဖျောက်ဖျက်ရန်အတွက် ၎င်း၏ အဖြူရောင် BMW ကားဖြင့် သယ်ဆောင်သွားကာ လမ်းခုလတ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ကားရပ်ပြီး ဓာတ်ဆီဝယ်ခဲ့ခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရ၍ အလောင်းကို မီးရှို့ဖျောက်ဖျက်မှုဖြင့် စွဲချက်တင်ထားသည်။

လူသတ်မှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်ပုံ ပြန်လည်သရုပ်ပြမှုအတွင်း Sirichai က ၎င်း၏ဇနီးကို နွန်သာဘူရီပြည်နယ် Pak Kret ခရိုင် Luk Golf အိမ်ရာရှိ ၎င်းတို့၏ နေအိမ်တွင် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်းနှင့် နွန်သာဘူရီ Cheng Wattana လမ်းမပေါ်ရှိ နေရာ (၂) ခုတွင်လည်း ဇနီးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်း ၎င်းက ဝန်ခံထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့က Sirichai ကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက် ညပိုင်းတွင် ၎င်း၏နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ပြီးနောက် (၂) နာရီအကြာ စစ်ဆေးခဲ့ပြီးနောက်တွင် ၎င်းက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

၎င်း၏ ထွက်ဆိုချက်အရ လမ်းတစ်လျှောက် CCTV များကို စစ်ဆေးကြည့်ရာ လမ်းမပေါ်တွင် Sirichai က ဇနီးဖြစ်သူကို ရက်ရက်စက်စက် ကိုယ်ထိလက်ရောက်ကျူးလွန်နေသည်ကို CCTV မှတ်တမ်းများ၌ စစ်ဆေးတွေ့ရသည်ဟု သိရသည်။

 

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ ညတွင် သေဆုံးသူ၏ မီးလောင်ထားသော အရိုးစုနှင့် မီးလောင်ထားသော ခရီးဆောင်သေတ္တာတစ်လုံးကို ပရာချင်ဘူရီပြည်နယ် Sri Mahaphote ခရိုင် Ban Map Hiang ကျေးရွာရှိ ရာဘာစိုက်ခင်းတစ်ခု၌ လည်းကောင်း၊ မီးလောင်ကျွမ်းထားသော ရုပ်အလောင်းအကြွင်းအကျန်များနှင့်အတူ Chonlada ၏ လက်ကောက်နှင့် ရွှေလက်စွပ်ကို ရှာဖွေတွေ့ရှိခဲ့သလို သူမ၏ မိုဘိုင်းဖုန်း အချက်ပြမှုကိုလည်း ထိုဧရိယာတွင် ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ပရာချင်ဘူရီပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် Pumin Singhasut က ပြောသည်။ 

Source: Bangkok Post