ဗြိတိန်သမိုင်းတစ်လျှောက် သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားသည့် လစ်ဇ်ထရပ်စ်

Photo: REUTERS/Toby Melville,
Photo: REUTERS/Toby Melville,
ဗြိတိန်သမိုင်းတစ်လျှောက် သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားသည့် လစ်ဇ်ထရပ်စ်
အောက်တိုဘာ 21, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်က သူမ၏ စီးပွားရေးအစီအစဥ်ကြောင့် ဈေးကွက် မတည်မငြိမ်ဖြစ်ပြီး ကွန်ဆာဗေတစ်ပါတီတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အောက်တိုဘာလ (၂၀) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်သည်။ 

လစ်ဇ်ထရပ်စ်မှာ ပြီးခဲသည့် စက်တင်ဘာလ (၆) ရက်နေ့က ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် သီတင်း (၆) ပတ်မျှအကြာတွင် ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ရာ ဗြိတိန်သမိုင်းတစ်လျှောက် သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲနှင့် ဝန်ကြီးချုပ်သစ်ခန့်အပ်မှုကို လာမည့် သီတင်းပတ်တွင် အပြီးသတ်မည်ဟု ဆိုသည်။ 

အမှတ် (၁၀)၊ ဒေါင်းနင်းလမ်း ဗြိတိန်ဝန်ကြီးချုပ်နေအိမ် အပြင်ဘက်တွင် မီဒီယာကို ပြောကြားမှုအတွင်း ဝန်ကြီးချုပ်လစ်ဇ်ထရပ်စ်က ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်စဥ် သူမ ပေးထားခဲ့သည့် ကတိကဝတ်များကို မဖြည့်ဆည်းနိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ထိုအခြေအနေကြောင့် ပါတီ၏ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ 

ထို့ကြောင့် ဘုရင်နှင့် တွေ့ဆုံစကားပြောပြီး ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်တော့မည်ဟု အသိပေးခဲ့ကြောင်း လစ်ဇ်ထရပ်စ်က ပြောသည်။ 

အသက် (၄၇) နှစ်အရွယ် လစ်ဇ်ထရပ်စ်က ၂၀၁၀ ခုနှစ်မှစပြီး ကွန်ဆာဗေးတစ်ပါတီ၏ South West Norfolk ကိုယ်စားပြု လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်တွင် အမျိုးသမီးများနှင့် တန်းတူညီမျှမှုဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ 

သူမက ဒေးဗစ်ကင်မရွန်း၊ ထရီဆာမေနှင့် ဘောရစ်ဂျွန်ဆင်တို့ ဦးဆောင်သည့် အစိုးရအဖွဲ့များတွင် အစိုးရအဖွဲ့ဝင် ရာထူးနေရာအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ 

လစ်ဇ်ထရပ်စ်က အောက်စ်ဖို့တက္ကသိုလ် Merton ကောလိပ်တွင် ပညာသင်ကြားခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ခင်ပွန်းဖြစ်သူ Hugh O'Leary နှင့် လက်ထပ်ခဲ့ကြောင်းနှင့် ကလေး (၂) ဦးရှိကြောင်း သိရသည်။

Source: Reuters, BBC