အထပ် (၂၀) ပါရှိပြီး လူ (၈,၀၀၀) နီးပါး လိုက်ပါနိုင်သည့် ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘော တည်ဆောက်ပြီးစီး

အထပ် (၂၀) ပါရှိပြီး လူ (၈,၀၀၀) နီးပါး လိုက်ပါနိုင်သည့် ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘော တည်ဆောက်ပြီးစီး
ဇူလိုင် 1, 2023 | နိုင်ငံတကာသတင်း
By Mr John

ကမ္ဘာ့အကြီးဆုံး အပျော်စီး သင်္ဘောဖြစ်လာမည့် သင်္ဘောကြီးကို ဖင်လန်နိုင်ငံရှိ သင်္ဘောကျင်းတစ်ခုတွင် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် လွှဲပြောင်းမပေးမီ ပထမဆုံးအကြိမ် ရေချခဲ့ကြောင်း သိရသည်။ 

Royal Caribbean International အပျော်စီးသင်္ဘောလိုင်း၏ Icon of the Seas သင်္ဘောကြီးမှာ အရှည် (၁,၂၀၀) ပေ (၃၆၅ မီတာ) ရှိပြီး အလေးချိန်အားဖြင့် တန်ချိန် (၂၅၀,၈၀၀) ရှိသည်။

အထပ် (၂၀) ပါဝင်သည့် ထိုအပျော်စီး သင်္ဘောကြီးကို ကာရေဘီယန်ပင်လယ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း စတင် ဝန်ဆောင်မှုပေးရန် စီစဥ်ထားပြီး ခရီးသည် (၅,၆၁၀) ဦးနှင့် သင်္ဘောအမှုထမ်း (၂,၃၅၀) လိုက်ပါနိုင်မည် ဖြစ်သည်။ 

သင်္ဘောကြီးပေါ်၏ အထူးခြားဆုံး ဝန်ဆောင်မှုမှာ ကမ္ဘာ့အကြီးဆုံး ပင်လယ်ပြင် ရေဥယျာဥ်ကြီး ဖြစ်သည်။

 Category 6 ဟု အမည်ပေးထားသည့် ထိုရေဥယျာဥ်ကြီးတွင် စံချိန်တင် ရေလွှာလျှော (၆) ခု ပါဝင်သည်။

အပျော်စီးသင်္ဘောကြီးပေါ်တွင် လိုက်ပါသည့် ဧည့်သည်များအနေဖြင့် ပိုမို အပန်းဖြေ အနားယူလိုပါကလည်း ရေကူးကန် (၇) ခုနှင့် ရေနွေးစိမ်ကန် (၉) ခု ပါဝင်ကြောင်း သိရသည်။ 

ဖင်လန်နိုင်ငံ Turku မြို့ရှိ ဥရောပ၏ ထိပ်တန်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်း Meyer Turku တွင် ကမ္ဘာ့အကြီးဆုံး ဖြစ်လာမည့် အပျော်စီးသင်္ဘောကြီးကို တည်ဆောက်နေခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် Icon of the Seas သင်္ဘောကြီးကို Royal Caribbean အပျော်စီးသင်္ဘောလိုင်းသို့ လွှဲအပ်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ခရီးစဥ်ဝန်ဆောင်မှုပေးမည်ဟု ဆိုသည်။ 

လက်ရှိ ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောမှာ Royal Caribbean ၏ Wonder of the Seas ဖြစ်ပြီး အရှည် (၁,၁၈၈) ပေရှိပြီး အထပ် (၁၈) ထပ် ပါဝင်သည်။

 

Source: CNN

Photo: Royal Caribbean International,