မိုင်းယုမြို့တွင် ဒေသဖွံ့ဖြိုးရေးအမည်ခံကာ နယ်မြေခံတပ်နှင့်နယ်ခြားစောင့်တပ်တို့ ပေါင်းပြီး လောင်းကစားဝိုင်း အကြီးအကျယ် ပြုလုပ်

 မိုင်းယုမြို့တွင် ဒေသဖွံ့ဖြိုးရေးအမည်ခံကာ နယ်မြေခံတပ်နှင့်နယ်ခြားစောင့်တပ်တို့ ပေါင်းပြီး လောင်းကစားဝိုင်း အကြီးအကျယ် ပြုလုပ်
သြဂုတ် 6, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းယောင်းခရိုင်အတွင်း မိုင်းယုမြို့တွင် အာဏာသိမ်းစစ်တပ်(နယ်မြေခံတပ်)နှင့် ထွေအုပ်အပါအဝင် အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်တို့ ပေါင်းကာ ရာဘာခြံအတွင်း၌ ဒေသဖွံ့ဖြိုးရေးအမည်ခံပြီး လောင်းကစားဝိုင်းအကြီးအကျယ် ပြုလုပ်နေပြီး အဆိုပါ လောင်းကစားဝိုင်းကို နယ်ခြားစောင့်တပ်မှူးက တာဝန်ယူကာ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။

"မိုင်းယုမြို့မှာ အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်မှူး ဦးလော့ချာနဲ့ ထွေအုပ် စရဖ တို့ ပူးပေါင်းပြီး မိုင်းယုဒေသဖွံဖြိုးရေး ခေါင်းစဉ်နဲ့ ‌၁၀၀၈ နယ်ခြားစောင့်တပ်မှူး လော့ချာရဲ့ ခြံထဲမှာ လောင်းကစားရုံကြီး ဖွင့်ထားပါတယ်။ လောင်းကစားရုံဖွင့်ထားတဲ့ ခြံဆိုတာက အိမ်ခြံဝန်းမဟုတ်ဘဲ ရာဘာခြံလို ခြံ မျိုးပါ။ မိုင်းယုမြို့ ဖွံ့ဖြိုးတိုးတက်ရေးလို့ ခေါင်းစဉ်တပ်ပြီး လောင်းကစားရုံကြီးဖွင့်ထားပေမဲ့ လောင်းကစားရုံရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ခိုးဆိုးလုနိုက်တွေ မကြာခင် ဖြစ်တော့မှာပဲ ဆိုပြီး မိုင်းယု ဒေသခံတွေက စိတ်ပူပန် နေကြပါတယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ လောင်းကစားရုံတွင် လေးကောင်ဂျင်၊ ဖဲဝိုင်း နှင့် အံစာတုံး၊ ဂုံးဂင်း စသည့် လောင်းကစားမျိုးစုံပါဝင်ပြီး ၂၀၂၂ခုနှစ် ဩဂုတ်လ(၅)ရက်နေ့အထိ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အာဏာသိမ်းစစ်တပ်၏ တိုင်းမှူး၊ ဗျူဟာမှူး စသည့် အရာရှိများနှင့် ခင်မင်ရင်းနှီးမှုများကို အခွင့်ကောင်းယူသူ ပေါများပြီး နောက်ဆုံးတွဲအဖြစ် လောင်းကစားလုပ်ငန်းများနှင့် မြေယာပြဿနာအရှုပ်အရှင်းများ ဖြစ်ပေါ်လေ့ရှိသည်။

မိုင်းယောင်းခရိုင်အတွင်းဖြစ်သည့် မိုင်းယောင်း နှင့် မိုင်းယုမြို့တို့သည် ချောင်ကျသည့် မြို့များဖြစ်ပြီး ဒေသအတွင်း၌ အမှုအခင်းများနှင့် ဒုစရိုက်လုပ်ငန်းများကို ဖုံးကွယ်လေ့ရှိကာ အထက်ဌာနသို့ အမှန်အတိုင်း တင်ပြလေ့မရှိဟု ကြားသိရသည်။

#TachileikNewsAgency