တရုတ်ဒုံးကျည် အထူးစီးပွားရေးဇုန်အတွင်း ကျရောက်မှု ဂျပန်ကန့်ကွက်

Image: AP/CCTV
Image: AP/CCTV
တရုတ်ဒုံးကျည် အထူးစီးပွားရေးဇုန်အတွင်း ကျရောက်မှု ဂျပန်ကန့်ကွက်
By Mr John

 

ထိုင်ဝမ်ကျွန်းပတ်လည်တွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည့် တရုတ်က ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များ ဂျပန်နိုင်ငံ၏ အထူးစီးပွားရေးဇုန် Exclusive Economic Zone (EEZ) အတွင်း ကျရောက်ခဲ့သည်ဟု ယုံကြည်ရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ဩဂုတ်လ (၄) ရက်နေ့တွင် ပြောသည်။

"တရုတ်က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် (၉) စင်းမှာ (၅) စင်းက ဂျပန်နိုင်ငံရဲ့ EEZ အတွင်း ကျရောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်" ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က သတင်းထောက်များကို ပြောခဲ့သည်။ 

"ဂျပန်က အခုကိစ္စကို သံတမန်လမ်းကြောင်းတွေကနေ တရုတ်ကို ကန့်ကွက်ခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။

ယခုကိစ္စမှာ မိမိတို့နိုင်ငံ၏ လုံခြုံရေးနှင့် မိမိတို့နိုင်ငံသားများ၏ ဘေးအန္တရာယ်ကင်းမှုကို သက်ရောက်မှုရှိသည့် လေးနက်သော ပြဿနာတစ်ရပ်ဖြစ်ကြောင်းလည်း ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က ပြောသည်။ 

တရုတ်နိုင်ငံက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်ကို တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်ကျွန်းပတ်လည် နေရာ (၆) ခုတွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ (၄) ရက်မှ (၇) ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ပယ်လိုစီက သူမ၏ အာရှခရီးစဥ်အဖြစ် စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အပြင် ထိုင်ဝမ်ကျွန်းကိုလည်း သွားရောက်ခဲ့သည်။ 

၎င်း၏ခရီးစဥ်မတိုင်မီ ကြေညာထားရာတွင် ထိုင်ဝမ်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်း ပယ်လိုစီက ဩဂုတ်လ (၂) ရက် ညပိုင်း၌ ထိုင်ဝမ်ကို ရောက်ရှိခဲ့သည်။

တရုတ်က ပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်ကို အပြင်းအထန် ကန့်ကွက်သတိပေးခဲ့ပြီး တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်ကျွန်းအနီး အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြလုပ်နေသည်။ 

အစောပိုင်းတွင်လည်း တရုတ်က ထိုင်ဝမ်နှင့် ကုန်သွယ်ရေးကို ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့သည်။ 

စစ်ရေးလေ့ကျင့်မှုအတွင်း ပဲ့ထိန်းဒုံးကျည်များ ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့သည့် တရုတ်၏လုပ်ရပ်က မြောက်ကိုရီးယားကို အတုခိုးနေခြင်းဟု ထိုင်ဝမ်က ပြောဆိုခဲ့သည်။

ထိုင်ဝမ်၏ အဆိုအရ တရုတ်က စစ်ရေးလေ့ကျင့်မှု စတင်လိုက်သည့် ဩဂုတ်လ (၄) ရက်နေ့တွင် ထိုင်ဝမ်ကျွန်း၏ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက် ကမ်းရိုးတန်းများတဝိုက် ပင်လယ်ရေပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် (၁၁) စင်း ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ 

တရုတ်၏ အဓိက မဟာမိတ်ဖြစ်သည့် မြောက်ကိုရီးယားက မကြာသေးမီ လများအတွင်း ဒုံးကျည်ပစ်လွှတ်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး ဒေသတွင်း တင်းမာမှုများဖြစ်ရန် ဖန်တီးနေကြောင်း စွပ်စွဲခံထားရသည်။

Source: AFP, BBC