လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရောက် မြန်မာလုပ်သားများနှင့်ပတ်သက်၍ အချက် (၄) ချက် ဖြေရှင်းပေးရန် ကုမ္ပဏီသဘောတူ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရောက် မြန်မာလုပ်သားများနှင့်ပတ်သက်၍ အချက် (၄) ချက် ဖြေရှင်းပေးရန် ကုမ္ပဏီသဘောတူ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီကို မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်၍ မြန်မာနှင့်လာအို နှစ်နိုင်ငံတာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန် ကုမ္ပဏီနှင့် မြန်မာအလုပ်သမားကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့ ညနေပိုင်း ညှိနှိုင်းဆွေးနွေးမှုအရ ကုမ္ပဏီက အချက် (၄) ချက်ဖြေရှင်းပေးရန် သဘောတူထားကြောင်း သိရသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ရခိုင်ရွာ (မြန်မာရွာ)အတွက် မြန်မာလုပ်သားများ သဘောကျလက်ခံပေးမည့် အုပ်ချုပ်သူခေါင်းဆောင်နှင့် အဖွဲ့ကို ကုမ္ပဏီအနေဖြင့် ရွေးချယ်ခန့်အပ်ပေးရန်၊ COVID 19 ပိုး ရှိသည်ဟု စစ်ဆေးအဖြေထွက်သူများကို P Center တွင် ထားရှိမည့် ရက်အကန့်အသတ် သတ်မှတ်ချက်ကို ကြေညာပေးရမည်ဖြစ်ပြီး သတ်မှတ်ရက် ပြည့်သွားပါက မူလနေထိုင်ရာနေရာသို့ ပြန်ခွင့်ပြုရန်၊ Quarantine Center တွင် အစားအသောက် ပုံမှန်ရရှိရေး စီစဉ်ပေးရန်နှင့် လုပ်ခလစာများ အပြည့်အဝထုတ်ယူခွင့်ရရန် ကုမ္ပဏီက ဖြေရှင်းဆောင်ရွက်ပေးမည်ဟု သဘောတူလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လာအိုနိုင်ငံမှ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆိုမှုကြောင့် ရွာအုပ်ချုပ်ရေးမှူးအဖွဲ့ အသစ်ပြောင်းလဲပြီး အခက်အခဲများကို ညှိနှိုင်းနေ

 

ဩဂုတ်လ (၆) ရက်နေ့က ထောင်နှင့်ချီသည့် လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားများက နေရပ်ပြန်ရေးအပါအဝင် အခက်အခဲများဖြေရှင်းပေးရန် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်၏ ကုမ္ပဏီကို ဆန္ဒပြတောင်းဆိုခဲ့ကြသဖြင့် မြန်မာဘက်က တာဝန်ရှိသူများက လာအိုဘက်သွားရောက်ပြီး ဘိုကီယိုခရိုင် ဗျူဟာမှူး Mr. Thong Kai၊ ဘိုကီယိုခရိုင်အုပ်ချုပ်ရေးမှူး Mr.Peng Sone Keavilai၊ တုန်ဖိန်းမြို့နယ်အုပ်ချုပ်ရေးမှူး Mr. Kham Yeng၊ ဘိုကီယိုနိုင်ငံခြားရေးဌာန ဒုဌာနမှူး၊ အထူးစီးပွားရေးဇုန်ကုမ္ပဏီ တာဝန်ခံ ဝမ်အော့ပေါင်နှင့် မြန်မာအလုပ်သမားခေါင်းဆောင် ကိုစိုင်း၊ ကိုဇော်ဦးနှင့်အဖွဲ့တို့ ညနေ (၄)နာရီ (၁၀)မိနစ်အချိန်တွင် လာအိုဘက် မိုင်းမောဆိပ်ကမ်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း လာအိုဘက် မြန်မာနိုင်ငံသားများထံက သိရသည်။