အမေရိကန်အောက်လွှတ်တော်ဥက္ကဌ၏ ခရီးစဥ်အပြီး တရုတ်က ထိုင်ဝမ်နှင့် ကုန်သွယ်ရေး ပိတ်ပင် 

တရုတ်သမ္မတ နှင့် ထိုင်ဝမ်သမ္မတ
တရုတ်သမ္မတ နှင့် ထိုင်ဝမ်သမ္မတ
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ၏ ခရီးစဥ်အပြီး တရုတ်က ထိုင်ဝမ်နှင့် ကုန်သွယ်ရေး ပိတ်ပင် 
By Mr John

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ ထိုင်ဝမ်ကျွန်းကို လာရောက်ခဲ့ပြီးနောက် တရုတ်အစိုးရက ထိုင်ဝမ်မှ သစ်သီးနှင့်ငါး တင်သွင်းမှုနှင့် ထိုင်ဝမ်သို့ သဲတင်ပို့မှုများ ဩဂုတ်လ (၃) ရက်နေ့တွင် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ 

ပယ်လိုစီ၏ ယခုခရီးစဥ်မှာ (၂၅) နှစ်အတွင်း အဆင့်အမြင့်ဆုံး ရွေးကောက်ခံ အမေရိကန်အရာရှိတစ်ဦး ထိုင်ဝမ်သို့ ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်လာသလို အမေရိကန်နှင့်တရုတ်တို့ကြား ဆက်ဆံရေးကို အဆိုးဆုံးအခြေအနေသို့ ဦးတည်သွားစေနိုင်ပြီး တရုတ်က စစ်ရေးလှုပ်ရှားမှုများဖြင့် တုံ့ပြန်နေသည်။

ပယ်လိုစီ၏ ခရီးစဥ်အပြီးတွင် ထိုင်ဝမ်မှ သစ်သီးတင်သွင်းနေမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် ပိုးသတ်ဆေး အကြွင်းအကျန်များ အလွန်အကျွံပါနေမှုကို အကြိမ်ကြိမ် စစ်ဆေးတွေ့ရှိရခြင်းကြောင့်ဟု တရုတ်အကောက်ခွန်ဌာနက ဩဂုတ်လ (၃) ရက်တွင် ထုတ်ပြန်သည်။ 

ထို့အတူ ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း ထိုင်ဝမ်သို့ သဘာဝသဲတင်ပို့မှုကို ဩဂုတ်လ (၃) ရက်နေ့မှစပြီး ရပ်ဆိုင်းထားမည်ဟု ပြောခဲ့ပြီး အသေးစိတ်ကိုမူ မဖော်ပြခဲ့ပေ။

သဘာဝသဲကို ယေဘုယျအားဖြင့် ကွန်ကရစ်နှင့် နိုင်လွန်ကတ္တရာ ထုတ်လုပ်ရေးအတွက် အသုံးပြုနေပြီး ထိုင်ဝမ်၏ သဲနှင့်ကျောက်စရစ်ခဲ တင်သွင်းမှုအများစုမှာ တရုတ်ထံမှဖြစ်သည်။ တရုတ်အစိုးရက ထိုင်ဝမ်နှင့် စိုက်ပျိုးရေးနှင့်အစားအစာကုန်သွယ်မှုတွင် နောက်ထပ် ရပ်ဆိုင်းမှုများလာမည့် ရက်များအတွင် လုပ်ဆောင်လာနိုင်သေးသည်ဟု သုံးသပ်ကြသည်။



တရုတ်မှာ ထိုင်ဝမ်၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် ပို့ကုန်ဈေးကွက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း အပြန်အလှန် ကုန်သွယ်မှုမှာ (၂၆) ရာခိုင်နှုန်း တိုးလာခဲ့ကာ အမေရိကန်ဒေါ်လာ (၃၂၈) ဘီလီယံအထိ ရှိခဲ့ကြောင်း တရားဝင် အချက်အလက်များက ဖော်ပြသည်။ 

တရုတ်အစိုးရက ထိုင်ဝမ်၏ ပို့ကုန်များကို ပစ်မှတ်ထားခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ် မတ်လအတွင်းကလည်း တရုတ်က ထိုင်ဝမ်မှ နာနတ်သီးတင်သွင်းမှုများကို ပိတ်ပင်ခဲ့ဖူးပြီး ပိုးမွှားစစ်ဆေးတွေ့ရှိရမှုကြောင့်ဟု အကြောင်းပြခဲ့သော်လည်း နိုင်ငံရေးအရ တွန်းအားပေးမှုတစ်ခုဖြစ်ကြောင်း ရှုမြင်ခဲ့ကြသည်။ 

ယခု ထိုင်ဝမ်မှ သစ်သီးနှင့်ငါး တင်သွင်မှုနှင့် ထိုင်ဝမ်သို့ သဲတင်ပို့မှုများ ရပ်ဆိုင်းလိုက်ခြင်းမှာလည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ၏ ခရီးစဥ်ကို တုံ့ပြန်မှုအဖြစ် ရှုမြင်နေကြသည်။

Source: CNA