ငြိမ်းချမ်းရေးအစီအစဥ်နှင့် ပတ်သက်၍ မြန်မာစစ်အုပ်စုက လူတိုင်းကို စိတ်ပျက်စေဟု မလေးရှားဆို

 မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah [ Photo: REUTERS/Lim Huey Teng ]
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah [ Photo: REUTERS/Lim Huey Teng ]
ငြိမ်းချမ်းရေးအစီအစဥ်နှင့် ပတ်သက်၍ မြန်မာစစ်အုပ်စုက လူတိုင်းကို စိတ်ပျက်စေဟု မလေးရှားဆို
By Mr John



မြန်မာစစ်အုပ်စုက ငြိမ်းချမ်းရေးအစီအစဥ်ကို လက်တွေ့ အကောင်အထည် မဖော်ခြင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအားနည်းပြီး အာဆီယံအဖွဲ့တွင် လူတိုင်းကို စိတ်ပျက်စေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ (၃) ရက်တွင် ပြောဆိုလိုက်သည်။ 

ငြိမ်ချမ်းရေးလုပ်ငန်းစဥ်တွင် မြန်မာစစ်အုပ်စု၏ အတိုက်အခံများ ပါဝင်သင့်ပြီး ထိုလုပ်ငန်းစဥ် အကောင်အထည်ဖော်ရာတွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေစဥ်အတွင်း သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယားတွင် ကျင်းပပြုလုပ်သည့် (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေခြင်း ဖြစ်သည်။ 

၎င်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဏာသိမ်း မြန်မာစစ်အုပ်စုကို ပိုမိုပြင်းထန်သည့် အရေးယူမှုလုပ်ရန် တိုက်တွန်းသွားမည်ဟု အစည်းအဝေးမတိုင်မီက ပြောထားခဲ့သည်။ 

ထိုအစည်းအဝေးကို မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရခဲ့ပေ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အုပ်စု၏ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်မှုလုပ်ရပ်အပေါ် ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း ဇူလိုင်လ (၂၆) ရက်နေ့က ပြောဆိုခဲ့သေးသည်။ 

မြန်မာစစ်အုပ်စုက နောက်ထပ် အကျဥ်းသားများကို သေဒဏ်စီရင်ပါက သဘောတူညီထားသည့် ငြိမ်းချမ်းရေးအစီအစဥ်ကို အာဆီယံအဖွဲ့က ပြန်လည်သုံးသပ်ရလိမ့်မည်ဟု အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ဩဂုတ်လ (၃) ရက်တွင် ပြောကြားလိုက်သည်။



၎င်းကိုယ်တိုင်နှင့် အခြားနိုင်ငံ/အဖွဲ့အစည်းများထံမှ သေဒဏ်စီရင်မှုများကို ပြန်လည်စဥ်းစားရန် ပန်ကြားမှုများရှိခဲ့သော်လည်း စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်သည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်ခဲ့မှုအပေါ် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကမ္ဘောဒီးယားက အလွန်စိတ်ပျက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဟွန်ဆန်က ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် (၁၈) လအတွင်း စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သား ၂,၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ၁၄,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးခဲ့သည်။ 

ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁) သန်းကျော်ရှိနေပြီဟု သိရသည်။

Source: Reuters