ဒေါ်နယ်ထရမ့်ကို Twitter ပြန်သုံးခွင့်ပေးမည်ဟု အီလွန်မက်စ် ပြောကြား

ဒေါ်နယ်ထရမ့်ကို Twitter ပြန်သုံးခွင့်ပေးမည်ဟု အီလွန်မက်စ် ပြောကြား
By Mr John

ဒေါ်နယ်ထရမ့်ကို Twitter ပြန်သုံးခွင့်ပေးမည်ဟု အီလန်မက်စ် ပြောကြား

Tesla လျှပ်စစ်ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို Twitter ပြန်သုံးခွင့်ပေးသွားမည်ဟု Financial Times Future of the Car ဆွေးနွေးပွဲတွင် ပြောခဲ့သည်။

လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းလေ့ရှိသည့် မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။



ထရမ့်ကို Twitter သုံးခွင့် ပိတ်ထားရန် ဆုံးဖြတ်ချက်က ၎င်း၏အသံကို တိတ်မသွားစေခဲ့ဘဲ နိုင်ငံရေးအခွင့်အရေးအပေါ် ၎င်း၏အမြင်တွေကို ပြည်သူတွေကြား ပိုရောက်စေခဲ့ကြောင်းနှင့် အသုံးပြုခွင့်ပိတ်ခြင်းက ကျင့်ဝတ်ပိုင်းအရ မှားယင်းပြီး အဓိပ္ပါယ်မရှိကြောင်း မက်စ်က ဆိုသည်။

မက်စ်၏ ယခုပြောဆိုမှုအပေါ် မှတ်ချက်တောင်းခံရာ Twitter က ချက်ချင်း မတုံပြန်သေးဟု ဆိုသည်။



၂၀၂၁ ခုနှစ် ဇန်နဝါရီ (၆) ရက်နေ့က ထရမ့်ကို ထောက်ခံသူတွေက အမေရိကန်လွှတ်တော်အဆောက်အအုံတွင် ဆူပူအုံကြွ စီးနင်းခဲ့ကြပြီးနောက် မကြာမီမှာ ၎င်းကို Twitter က အသုံးပြုခွင့် အပြီးတိုင် ရပ်ဆိုင်းထားလိုက်သည်။

နောက်ထပ် အကြမ်းဖက်ရန် လှုံ့ဆော်မှုအန္တရာယ်ရှိခြင်းကြောင့်ဟု Twitter က ၎င်း၏ ဆုံးဖြတ်ချက်တွင် ပြောခဲ့သည်။

ထရမ့်က Twitter တွင် follower (၈၈) သန်းကျော်ရှိထားသူလည်း ဖြစ်သည်။



Twitter ကို မက်စ်က ဝယ်ယူခဲ့လျှင်ပင် ၎င်းအနေဖြင့် ပြန်သုံးမည် မဟုတ်ဘဲ ယခုအတိုင်းထားမည်ဖြစ်ပြီး ကိုယ်ပိုင် ဆိုရှယ်မီဒီယာ Truth Social app ကို အသုံးပြုသွားမည်ဟု ထရမ့်က Fox News ကို ယခင်က ပြောထားခဲ့သည်။

ထရမ့်၏ Truth Social ကို Apple app store တွင် ဖေဖေါ်ဝါရီလ နှောင်းပိုင်းက စတင်မိတ်ဆက်ခဲ့သော်လည်း မကြာသေးမီကအထိ ချို့ယွင်းချက်များရှိနေခဲ့သည်ဟု ဆိုသည်။

Twitter ပိုင်ရှင်ဖြစ်လာသည့် မက်စ်၏ ပြောကြားမှုနှင့် ပတ်သက်ပြီး ထရမ့်၏ ပြောခွင့်ရပုဂ္ဂိုလ်က လတ်တလော မှတ်ချက်မပေးသေးကြောင်း Reuters သတင်းက ဖော်ပြသည်။



Source: Reuters