အယ်လ်ကေဒါခေါင်းဆောင် သေဆုံးမှုအပေါ် လက်တုံ့ပြန်မှုရှိလာနိုင်ကြောင်း အမေရိကန် သတိပေး

အယ်လ်ကေဒါခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီ [Photo: AFP]
အယ်လ်ကေဒါခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီ [Photo: AFP]
အယ်လ်ကေဒါခေါင်းဆောင် သေဆုံးမှုအပေါ် လက်တုံ့ပြန်မှုရှိလာနိုင်ကြောင်း အမေရိကန် သတိပေး
By Mr John

အယ်လ်ကေဒါခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီကို ဒရုန်းဖြင့် ရှင်းလင်းသုတ်သင်ခဲ့ပြီးနောက်ပိုင်း ပြည်ပနိုင်ငံများတွင် အမေရိကန်ဆန့်ကျင်ရေး အကြမ်းဖက်မှု ဖြစ်နိုင်ခြေကို သတိပြုနေထိုင်ကြရန် အမေရိကန်အစိုးရက ၎င်း၏နိုင်ငံသားများကို တိုက်တွန်းထားသည်။ 

ဇဝါဟီရီ သေဆုံးမှုကြောင့် အယ်လ်ကေဒါထောက်ခံသူများ သို့မဟုတ် အခြား ဆက်နွယ်သည့် အကြမ်းဖက်အုပ်စုများက အမေရိကန်အဆောက်အအုံနှင့် အမှုထမ်းများကို ပစ်မှတ်ထားလာနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောထားသည်။

အယ်လ်ကေဒါခေါင်းဆောင် ဇဝါဟီရီမှာ ဇူလိုင်လ (၃၁) ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်ရှိ နေအိမ် ဝရန်တာတွင်ရှိနေစဥ် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ 

အမေရိကန်နိုင်ငံအတွင်း လူ (၃,၀၀၀) နီးပါး သေဆုံးခဲ့သည့် ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ဇဝါဟီရီက ပူးပေါင်းစီစဥ်ခဲ့ကြောင်း သိရသည်။

အသက် (၇၁) နှစ်အရွယ် အီဂျစ်လူမျိုး ခွဲစိတ်ကုဆရာဝန်ဖြစ်သူ ဇဝါဟီရီက ၂၀၁၁ ခုနှစ်တွင် အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီးနောက် အယ်လ်ကေဒါခေါင်းဆောင်နေရာကို ဆက်ခံခဲ့သူဖြစ်သည်။ 

ဇဝါဟီရီ သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ်လ (၁) ရက်နေ့တွင် အတည်ပြုခဲ့သည်။

ဇဝါဟီရီက လေယာဥ်ပြန်ပေးဆွဲပြီး အဆောက်အအုံများကို ဝင်တိုက်ခဲသည့်  ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက် အမေရိကန်မြေပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှု၊ ၂၀၀၀ ပြည့်နှစ်က လူ (၁၇) ဦး သေဆုံးခဲ့သည့် ယီမင်နိုင်ငံ Aden ဆိပ်ကမ်းတွင် USS Cole အမေရိကန်စစ်သင်္ဘောကို အသေခံဗုံးခွဲမှုနှင့် ၁၉၉၈ ခုနှစ်က လူ (၂၂၃) ဦး သေဆုံးခဲ့သည့် ကင်ညာနှင့် တန်ဇန်းနီးယားနိုင်ငံတို့ရှိ အမေရိကန်သံရုံးများကို တိုက်ခိုက်မှုများအား ကြိုးကိုင်စီစဥ်ခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောသည်။

ဇဝါဟီရီ သေဆုံးပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် လက်ရှိ သတင်းအချက်အလက်များအရ အကြမ်းဖက်အဖွဲ့များက ကမ္ဘာတဝန်းရှိ အမေရိကန်အကျိုးစီးပွားကို အကြမ်းဖက်တိုက်ခိုက်ရန် ဆက်လက်စီစဥ်နေကြောင်း ဖော်ပြထားသည်။ 

အသေခံလုပ်ဆောင်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ လေယာဥ်ပြန်ပေးဆွဲမှုနှင့် ဗုံးခွဲမှုများ အပါအဝင် ကျယ်ပြန်သည့် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

Source: BBC