ဘင်္ဂလားဒေ့ရှ်တွင် စားသောက်ဆိုင်များ ဖွင့်ထားသည့် အဆောက်အအုံ မီးလောင်မှုကြောင့် လူ (၄၅) ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် စားသောက်ဆိုင်များ ဖွင့်ထားသည့် အဆောက်အအုံ မီးလောင်မှုကြောင့် လူ (၄၅) ဦး သေဆုံး
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကလေးများပါရှိသော မိသားစုအများအပြား စားသောက်နေကြသည့် စားသောက်ဆိုင်များရှိရာ အထပ် (၆) ထပ်ပါ အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၄၅) ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ပြောသည်။

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့က ဘင်္ဂလားဒေ့ရှ်၏ မြို့တော် ဒါကာမြို့ရှိ ဒံပေါက်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လျင်မြန်စွာ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်းနှင့် ဂက်စ်ယိုစိမ့်မှု သို့မဟုတ် မီးဖိုတစ်ခုကြောင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့နိုင်ကြောင်း နှင့် မီးလောင်မှုကို မီးသတ် တပ်ဖွဲ့ (၁၃) ဖွဲ့က (၂) နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဌာန အရာရှိများက ပြောသည်။

မီးလောင်ဒဏ်ရာရသူ (၂၂) ဦးကို ဆေးရုံများတွင် ကုသပေးနေကြောင်း ကျန်းမာရေးဝန်ကြီး Samanta Lal Sen က သတင်းထောက်များကို ပြောသည်။ 

"ဒဏ်ရာရသူ ၂၂ ယောက်လုံးက စိုးရိမ်ရတဲ့ အခြေအနေပါ" ဟု Dhaka Medical College ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီးနောက် Sen က ပြောခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုအတွင်း သေဆုံးသူအများစုမှာ မီးခိုးမွန်းကြပ်မှုကြောင့်ဖြစ်ပြီး အခြား သေဆုံးသူများမှာ အဆောက်အအုံပေါ်မှ ခုန်ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။ 

မီးလောင်မှုဖြစ်ပွားခဲ့သည့် အဆောက်အအုံတွင် အဝတ်အထည်ဆိုင်နှင့် မိုဘိုင်းဖုန်းဆိုင် အချို့လည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကလည်း ဒါကာမြို့တော် အပြင်ဘက်ရှိ အစားအစာ ပြင်ဆင်ထုတ်ပိုးသည့် စက်ရုံတစ်ရုံတွင် မီးလောင်မှုကြောင့် လူ (၅၄) ဦး သေဆုံးခဲ့ရာ ကလေးအများအပြား ပါဝင်ခဲ့သလို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ရာစုနှစ်ချီ သက်တမ်းရှိသည့် နေရာတစ်ခုတွင် မီးလောင်မှုကြောင့် အနည်းဆုံး လူ (၇၀) ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။

Source: Reuters