မွေးကင်းစ ကလေးငယ်ကို ပုခက်ထဲထည့်ရမည့်အစား မုန့်ဖုတ်စက်ထဲ မှားထည့်မိရာမှ သေဆုံးသွား၍ မိခင်ကို ဖမ်းဆီး

မွေးကင်းစ ကလေးငယ်ကို ပုခက်ထဲထည့်ရမည့်အစား မုန့်ဖုတ်စက်ထဲ မှားထည့်မိရာမှ သေဆုံးသွား၍ မိခင်ကို ဖမ်းဆီး
ဖေဖော်ဝါရီ 16, 2024 | နိုင်ငံတကာသတင်း
By Mr John

 

အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ် ကန်းဆက်မြို့တွင် မိခင်က ၎င်း၏ အသက် (၁) လအရွယ် မွေးကင်းစ ကလေးငယ်ကို ပုခက်ထဲထည့်ရမည့်အစား မုန့်ဖုတ်စက်ထဲ မှားထည့်မှုကြောင့် သေဆုံးခဲ့ပြီးနောက် မိခင်ကို ဖမ်းဆီးစွဲချက်တင်ထားကြောင်း အစိုးရရှေ့နေရုံးက ပြောသည်။

ကလေးသေဆုံးမှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူ အသက် (၂၆) နှစ်အရွယ် မာရီယာသောမတ်စ်ကို ကလေးတစ်ဦးအား ထိခိုက်သေဆုံးစေသော ကြီးလေးသည့် ပထမဒီကရီ ရာဇဝတ်ပြစ်မှုဖြင့် စွဲချက်တင်ထားသည်ဟု ဂျက်ဆင်ကောင်တီ အစိုးရရှေ့နေ ဂျိမ်းစ်ပီတာဘိတ်ကာက  ပြောသည်။

မွေးကင်းစ ကလေးငယ်တစ်ဦး အသက်မရှူတော့ကြောင်း ဖုန်းခေါ်ဆိုမှုကြောင့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် (၁) နာရီခွဲခန့်တွင် ကန်းဆက်မြို့ Manheim Park ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြကြောင်း တရားရုံးသို့ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ ရက်စွဲဖြင့် တင်ပြထားသော စာရွက်စာတမ်းများအရ သိရှိရဟု ABC News သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ နေအိမ်သို့ ရဲတပ်ဖွဲ့ ရောက်ရှိချိန်တွင် မီးလောင်ဒဏ်ရာများနှင့် သေဆုံးသွားသည့် မွေးကင်းစ ကလေးငယ်ကို တွေ့ခဲ့ရကြောင်း တရားရုံး စာရွက်စာတမ်းများ၌ ဖော်ပြထားသည်။ 

ကန်းဆက်မြို့ မီးသတ်ဌာနက နေအိမ်သို့ ရောက်ရှိလာပြီးနောက် အသက် (၁) လအရွယ် မွေးကင်းစ မိန်းကလေးမှာ အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။ 

ကလေးငယ်ကို တရေးတမော အိပ်စေရန် ပုခက်ထဲထည့်ရမည့်အစား မုန့်ဖုတ်စက်ထဲသို့ မတော်တဆ မှားယွင်းထည့်မိခဲ့ကြောင်း မိခင်ဖြစ်သူ သောမတ်စ်က ဆိုသည်။

"ကျွန်မ သူ့ကို ပုခက်ထဲထည့်လိုက်တယ်လို့ ထင်မိပြီး မတော်တဆ မုန့်ဖုတ်စက်ထဲ ထည့်မိခဲ့တာပါ" ဟု သောမတ်စ်က မွေးကင်းစ ကလေးငယ်၏ အဘွားကို ပြောခဲ့ကြောင်း အဘွားဖြစ်သူက ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုထားကြောင်း တရားရုံး စာရွက်စာတမ်းများအရ သိရှိရသည်။ 

မစ်ဆူရီပြည်နယ် ဥပဒအရ ဖမ်းဆီးစွဲချက်တင်ခံရသည့် မိခင်ဖြစ်သူ သောမတ်စ်မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁၀) နှစ်မှ ထောင်ဒဏ်တစ်သက်အထိ ကျခံရနိုင်ကြောင်း ABC News က ဖော်ပြထားသည်။

Source: ABC News