မြောက်ကိုရီးယား၏ ဒုံးကျည်အသစ်တစ်မျိုး ပစ်လွှတ်စမ်းသပ်မှုကြောင့် ဂျပန်နိုင်ငံ ဟော့ကိုင်ဒိုကျွန်းတွင် စိုးရိမ် ထိတ်လန့်ခဲ့ကြရ

မြောက်ကိုရီးယား၏ ဒုံးကျည်အသစ်တစ်မျိုး ပစ်လွှတ်စမ်းသပ်မှုကြောင့် ဂျပန်နိုင်ငံ ဟော့ကိုင်ဒိုကျွန်းတွင် စိုးရိမ် ထိတ်လန့်ခဲ့ကြရ
By Mr John

မြောက်ကိုရီးယားနိုင်ငံက  အမျိုးအစားသစ် တာဝေးပစ်  ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်ခဲ့မှုကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်ဒိုကျွန်းရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရသည်။ 

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဂျပန်အစိုးရက ဟော့ကိုင်ဒိုကျွန်းရှိ သန်းနှင့်ချီသော ပြည်သူများထံသို့ အကာအကွယ်ယူကြရန် သတိပေးချက် စာတိုများ ပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဧပြီလ (၁၃)ရက်နေ့၏  ဒေသစံ‌တော်ချိန် နံနက် (၈) နာရီမတိုင်မီက ဟော့ကိုင်ဒိုကျွန်းနေ ဂျပန်ပြည်သူများထံ J-Alert သို့မဟုတ် ရွှေ့ပြောင်းကြရန် အစိုးရက ညွှန်ကြားသတိ‌ပေးချက် ပေးပို့ခဲ့ပြီး ကျွန်းပေါ်သို့ သို့မဟုတ် ကျွန်းအနီးတဝိုက်သို့ ဒုံးကျည်ကျရောက်နိုင်မှုကြောင့် အကာအကွယ်ယူကြရန် တိုက်တွန်းထားသည်။ 

သို့သော် မကြာမီမှာပင် ရွှေ့ပြောင်းရန်ညွှန်ကြားချက်ကို ရုပ်သိမ်းလိုက်ရာ ဟော့ကိုင်ဒိုဒေသခံများ စိုးရိမ်ထိတ်လန့်ရာမှာ ဒေါသထွက်ပြီး စိတ်ရှုပ်ခဲ့ကြရသည်ဟု ဆိုသည်။ 

ဂျပန်အစိုးရက ရွှေ့ပြောင်းရန် ညွှန်ကြားချက်ကို မှားယွင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ 

နောက်ပိုင်းတွင်မူ ဂျပန်အစိုးရက မြောက်ကိုရီးယားဒုံးကျည်မှာ ဂျပန်ပိုင်နက်ပြင်ပ ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန် ‌ရေပြင်အတွင်း ကျရောက်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။ 

ပြည်သူများထံ သတိပေးချက် ပေးပို့ရန် ဆုံးဖြတ်ချက်ကို ဟော့ကိုင်ဒို ဒေသခံအများအပြားက ဝေဖန်ခဲ့ကြကြောင်း သိရသည်။

တောင်ကိုရီးယားစစ်တပ် အရာရှိတစ်ဦး၏ အဆိုအရ ထိုဒုံးကျည်မှာ မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားစစ်ရေးပြအခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည့် ဒုံးကျည်အသစ်တစ်မျိုးဖြစ်ပုံရပြီး လောင်စာအခဲသုံး ဒုံးကျည်ဖြစ်နိုင်ကြောင်း သိရသည်။ 

မြောက်ကိုရီးယားဒုံးကျည်မှာ မိုင် (၆၂၀) အကွာအဝေးသို့ ရောက်ရှိခဲ့ကြောင်းနှင့် အလေးအနက် ရန်စမှုတစ်ခုဖြစ်ကြောင်း တောင်ကိုရီးယားက ပြောဆိုခဲ့သည်။ 

Source: CNN, Reuters