နစ်မြုပ်သွားသည့် ထိုင်းတော်ဝင်ရေတပ်စစ်သင်္ဘောမှ ပျောက်ဆုံးနေသူများမှ ၇ ဦးပြန်တွေ့သည့်အနက် ၆ ဦးသေဆုံး

နစ်မြုပ်သွားသည့် ထိုင်းတော်ဝင်ရေတပ်စစ်သင်္ဘောမှ ပျောက်ဆုံးနေသူများမှ ၇ ဦးပြန်တွေ့သည့်အနက် ၆ ဦးသေဆုံး
ဒီဇင်ဘာ 21, 2022 | နိုင်ငံတကာသတင်း
By Tachileik News Agency

ထိုင်းပင်လယ်ကွေ့တွင် မုန်တိုင်းအတွင်း နစ်မြုပ်ခဲ့သည့် ထိုင်းတော်ဝင်ရေတပ်၏ HTMS Sukhothai စစ်သင်္ဘောမှ ပျောက်ဆုံးနေသော သင်္ဘောသား (၃၀) ဦးအနက် (၇) ဦးကို ၂၀၂၂ ခုနှစ်၊ ဇင်ဘာလ (၂၀) ရက်က ပြန်ရှာတွေ့ခဲ့ရာ တစ်ဦးကို အသက်ရှင်လျင် ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် (၆) ဦးမှာ သေဆုံးနေပြီဟု ‌ရေတပ်အကြီးအကဲ Adm Choengchai Chomchoengpaet က ပြောသည်။                                     ထိုင်းတော်ဝင်‌ရေတပ်က ပျောက်ဆုံးနေဆဲ သင်္ဘောသားများကို ရှာဖွေယ်ကယ်ဆယ်ရေး အာရုံစိုက် လုပ်ဆောင်နေကြောင်းနှင့် သင်္ဘောကို နောက်မှဆယ်ယူသွားမည်ဟုလည်း ၎င်းကဆိုသည်။ 

ထိုင်းစစ်သင်္ဘော HTMS Sukhothai မှာ ဒီဇင်ဘာလ (၁၈) ရက် ညဥ့်နက်ပိုင်းက Prachuap Khiri Khan မြို့ ကမ်းလွန် ပင်လယ်ပြင်တွင် မုန်တိုင်းအတွင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်သင်္ဘောတွင် သင်္ဘောသား (၁၀၆) ဦး လိုက်ပါသွားခဲ့ပြီး ကနဦးတွင် (၃၁) ဦး ပျောက်ဆုံးနေခဲ့ကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင်မူ ပျောက်ဆုံးနေသည့် သင်္ဘောသားတစ်ဦးကို HTMS Kraburi စစ်သင်္ဘောက ကယ်ဆယ်နိုင်ခဲ့ရာ ပျောက်ဆုံးအရေအတွက် (၃၀) ဦးဖြစ်ကြောင်း ထိုင်းရေတပ်က ပြောသည်။

ယင်းနောက် ဒီဇင်ဘာလ (၂၀) ရက် ထိုင်းစံတော်ချိန် မွန်းလွဲ (၃) နာရီအထိ  HTMS Sukhothai စစ်သင်္ဘော နစ်မြုပ်မှုတွင် စုစုပေါင်း သင်္ဘောသား (၈၃) ဦးကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပြီး (၂၃) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခုအချိန်အထိ ပြန်ရှာတွေ့ခဲ့သည့် ပျောက်ဆုံး သင်္ဘောသားများအနက် (၆) ဦး သေဆုံးခဲ့ပြီး အလောင်းများကို မည်သူဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် ပို့ဆောင်ထားသည်ဟု ရေတပ်အကြီးအကဲက ပြောသည်။

နစ်မြုပ်သွားသည့် HTMS Sukhothai စစ်သင်္ဘောမှာ ပုံမှန်ကင်းလှည့်တာဝန်ဖြင့် ဒီဇင်ဘာလ (၁၇) ရက်နေ့က Sattahip ရေတပ်အခြေစိုက်စခန်းမှ ပင်လယ်ပြင်သို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ စစ်သင်္ဘောက "ထိုင်းရေတပ်၏ဖခင်" ဟု တင်စားခေါ်ဝေါ်ကြသည့် ကွယ်လွန်သူ မင်းသား Krom Luang Chumphon Khet-udomsak ၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန်အတွက်လည်း Chumphon ပြည်နယ် Hat Sai Ree ကမ်းခြေသို့ ဦးတည်ခုတ်မောင်းသွားခဲ့သည်။ 

ထို့နောက် လမ်းခုလတ်တွင် မုန်တိုင်းမိပြီး ကြီးမားသည့် လှိုင်းလုံးများ ရိုက်ခတ်မှုနှင့်အတူ သင်္ဘောအတွင်း ရေများဝင်ရောက်ကာ နစ်မြုပ်သွားခဲ့သည်။

အရှည် (၂၅၂) ပေရှိသည့် HTMS Sukhothai စစ်သင်္ဘောကို အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် Tacoma မြို့ရှိ Tacoma Boatbuilding Company က တည်ဆောက်ခဲ့ပြီး ၁၉၈၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ထိုင်းတော်ဝင်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 ထိုစစ်သင်္ဘောကို ထိုင်းရေတပ်တွင် ယခုအချိန်အထိ (၃၆) နှစ်နီးပါးကြာ အသုံးပြုခဲ့သည်။ 

HTMS Sukhothai စစ်သင်္ဘောတွင် လေကြောင်းကာကွယ်ရေးစနစ်၊ ပင်လယ်ပြင်တိုက်ခိုက်ရေးနှင့် ရေငုပ်သင်္ဘောဖျက် လက်နက်စနစ်များ တပ်ဆင်ထားသည်။

Source: Bangkok Post