စစ်အုပ်စု၏ သေဒဏ်စီရင်မှုက အာဆီယံ၏ ကြိုးပမ်းမှုအတွက် အကြီးအကျယ်ဆုတ်ယုတ်

 photo: CNA
photo: CNA
စစ်အုပ်စု၏ သေဒဏ်စီရင်မှုက အာဆီယံ၏ ကြိုးပမ်းမှုအတွက် အကြီးအကျယ်ဆုတ်ယုတ်
ဇူလိုင် 27, 2022 | နိုင်ငံတကာသတင်း
By Mr John

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို မြန်မာစစ်အုပ်စု၏ သေဒဏ်စီရင်မှုက နိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်မြောက်စေရန် အာဆီယံ၏ အားထုတ်ကြိုးပမ်းမှုများအတွက် အကြီးအကျယ် ဆုတ်ယုတ်မှုတစ်ခုဖြစ်ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် ပြောကြားလိုက်သည်။

ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ကွပ်မျက်မှုလုပ်ဆောင်ခြင်းကို အာဆီယံအဖွဲ့အစည်းက ရှုတ်ချခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

 "ဒါက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ဖြေရှင်းမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်မြောက်စေဖို့ အာဆီယံရဲ့ အားထုတ်ကြိုးပမ်းမှုတွေအတွက် အကြီးအကျယ် ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပါတယ်" ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ Vivian Balakrishnan က Facebook ပို့စ်တွင် ရေးသားထားသည်။

"သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ ထပ်ပြီးတောင်းဆိုပါတယ်။ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုမှတဆင့်သာ အကျပ်အတည်းအတွက် ငြိမ်းချမ်းစွာဖြေရှင်းမှုကို ရရှိနိုင်ပါမယ်" ဟု ၎င်းက ဖြည့်စွက်ပြောထားသည်။

မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း စစ်အုပ်စု၏ သေဒဏ်စီရင်မှုများကို ရှုတ်ချလိုက်ပြီး ထိုလုပ်ရပ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ပြောဆိုထားသည့်အပြင် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးသို့ စစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားလှယ်ကို တက်ခွင့်မပြုသင့်ကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဖြည့်စွက်ပြောကြားထားသည်။

စစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်လိုက်ခြင်းနှင့် ပတ်သက်၍ "(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ တစ်ပတ်မျှအလိုတွင် သေဒဏ်ချမှတ်ထားမှုများကို လက်တွေ့အကောင်အထည်ဖော်ခြင်းမှာ အလွန်ပြစ်တင်ရှုတ်ချထိုက်ကြောင်းနှင့် ထိုလုပ်ရပ်က မြန်မာစစ်အုပ်စုအနေဖြင့် ကုလသမဂ္ဂက အားပေးထောက်ခံထားသည့် အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဥ် ဘုံသဘောတူညီချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ရန် လုံးဝဆန္ဒမရှိကြောင်း ပြသခဲ့မှုဖြစ်သည်" ဟု အာဆီယံက ထုတ်ပြန်ခဲ့သည်။

Source: CNA