တရုတ်တွင် COVID-19 ကွာရန်တင်းစင်တာ ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ (၂၇) ဦး သေဆုံး

တရုတ်တွင် COVID-19 ကွာရန်တင်းစင်တာ ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ (၂၇) ဦး သေဆုံး
စက်တင်ဘာ 19, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် COVID-19 ကွာရန်တင်းစင်တာသို့ မောင်းနှင် သွားနေသည့် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ (၂၇) ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။ 

ယခုဖြစ်ရပ်မှာ တရုတ်နိုင်ငံတွင် လူသေဆုံးမှု အများဆုံး ယာဥ်မတော်တဆမှုလည်း ဖြစ်လာပြီး ကွေ့ကျိုး ပြည်နယ် ကျေးလက်ဒေသရှိ အမြန်လမ်းမတစ်ခုတွင် ဘတ်စ်ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုဘတ်စ်ကားပေါ်တွင် လူ (၄၇) ဦး လိုက်ပါလာခဲ့ကြောင်း Sandu ကောင်တီ ရဲတပ်ဖွဲ့က ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည့် ထုတ်ပြန်ချက်တွင် ပြောသည်။ 

ဘတ်စ်ကားတိမ်းမှောက်မှုမှ ဒဏ်ရာရသူ (၂၀) ဦး ဆေးကုသပေးခဲ့ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များကို ဝေးလံသီခေါင်သည့် Qiannan စီရင်စုအတွင်း အခင်းဖြစ်နေရာသို့ စေလွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကွေ့ကျိုး ပြည်နယ်အစိုးရက စက်တင်ဘာလ (၁၈) ရက် နှောင်းပိုင်းတွင် အတည်ပြုမှုအရ ထိုဘတ်စ်ကားမှာ COVID-19 ကပ်ရောဂါနှင့် ဆက်နွယ်နေသူများကို ကွာရန်တင်းစင်တာသို့ ပို့ဆောင်ပေးစဥ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပြည်နယ်မြို့တော် Guiyang မြို့မှ ကွာရန်းတင်းစင်တင်သို့ မောင်းနှင်လာစဥ် စက်တင်ဘာလ (၁၈) ရက် ဒေသစံတော်ချိန် နံနက် (၂) နာရီ (၄၀) မိနစ်ဝန်းကျင်တွင် ဘတ်စ်ကားတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ထိုဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူများမှာ COVID-19 ကူးစက်ခံထားရခြင်းရှိ မရှိ၊ ကူးစက်ခံရသူနှင့် အနီးကပ်ထိတွေ့မှုရှိသူများ သို့မဟုတ် ကူးစက်ခံရသူနှင့် အဆောက်အအုံတစ်ခုတည်းတွင် နေထိုင်သူများဟုတ် မဟုတ်ကိုမူ အတိအကျ မသိရသေးဟု ဆိုသည်။ 

ကွေ့ကျိုး ပြည်နယ်တွင် ပြီးခဲ့သည့် (၂) ရက်အတွင်း ကူးစက်မှုအသစ် (၉၀၀) ကျော် တွေ့ရှိခဲ့ရပြီး လူဦးရေ (၆) သန်းရှိသည့် ပြည်နယ်မြို့တော် Guiyang မြို့ကို စက်တင်ဘာလအစောပိုင်းတွင် lockdown လုပ်ခဲ့ကြောင်း သိရသည်။

ဆိုရှယ်မီဒီယာတွင် များစွာပျံ့နှံ့နေသည့် ဓာတ်ပုံများအရ ခေါင်းပိုင်းမှာ လုံးဝကြေမွပျက်စီးနေသည့် ရွှေရောင်ခရီးသည်တင်ဘတ်စ်ကားကို ထရပ်ကားတစ်စီးဖြင့် ဆွဲလာသည်ကို တွေ့ရသည်။ 

အခြား ပျံ့နှံ့နေသည့် ဓာတ်ပုံတွင်လည်း ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားကြသည့် ယာဥ်မောင်းနှင့် ခရီးသည်များပါရှိပြီး ညဘက် မောင်းနှင်သွားနေသည့် ဘတ်စ်ကားကို တွေ့ရသည်။ AFP ကမူ ထိုဓာတ်ပုံများကို အတည်မပြုနိုင်ဟု ဆိုသည်။

Source: AFP