အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ ထောင်နှင့်ချီရှိလာ

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ ထောင်နှင့်ချီရှိလာ
ဒီဇင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်ရှိ Semeru မီးတောင် ပေါက်ကွဲမှုကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၅) ရက် ညနေပိုင်းအထိ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူဦးရေ ထောင်နှင့်ချီရှိလာကြောင်း သိရသည်။ 

ဂျာဗားကျွန်း၏ အမြင့်ဆုံးမီးတောင်ဖြစ်သည့် အရှေ့ဂျာဗားပြည်နယ်ရှိ ဆီမီရူမီးတောင်မှာ ဒီဇင်ဘာလ (၄) ရက် နံနက်အစောပိုင်းတွင် စတင်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှားအာဏာပိုင်များက မီးတောင်ပေါက်ကွဲမှုအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဖြစ် တိုးမြှင့်ထုတ်ပြန်ထားပြီး မီးတောင်ပတ်လည် (၅) မိုင်အတွင်း ဖြတ်သန်သွားလာခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားကာ အနီးအနားရှိ ကျေးရွာများကို ရွာလုံးကျွတ် ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် မီးတောင်ပေါက်ကွဲမှုကြောင့် အသေအပျောက်မရှိသည့်အပြင် လေကြောင်းသွားလာမှုကို အနှောင့်အယှက်မဖြစ်သေးကြောင်း သိရသည်။

အမြင့်ပေ (၁၂,၀၀၀) ကျော်ရှိသည့် ဆီမီရူမီးတောင်မှာ ဒီဇင်ဘာလ (၄) ရက် ဒေသစံတော်ချိန် နံနက် (၂) နာရီ (၄၆) မိနစ်တွင် စတင်ပေါက်ကွဲခဲ့ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာဌာန BNPB က ထုတ်ပြန်ထားသည်။ 

မီးတောင်ပေါက်ကွဲမှုအန္တရာယ်ကြောင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးခဲ့ကြရပြီး ယခုအချိန်အထိ လူ (၂,၅၀၀) နီးပါး နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။

အင်ဒိုနီးရှားမြို့တော် ဂျကာတာ၏ အရှေ့ဘက် (၃၉၇) မိုင်ကျော်အကွာ ဂျာဗားကျွန်း အရှေ့ပိုင်းရှိ ဆီမီရူမီးတောင်မှာ ကျွန်း၏အနောက်ပိုင်းတွင် ငလျင်လှုပ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ပေါက်ကွဲလာခဲ့ခြင်းလည်း ဖြစ်သည်။ 

ဂျာဗားကျွန်း အနောက်ပိုင်းတွင် နိုဝင်ဘာလအတွင်းက လှုပ်ခတ်ခဲ့သော ငလျင်တစ်ခုကြောင့် လူ (၃၀၀) ကျော် သေဆုံးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ မီးတောင်နှင့် ငလျင်ဆိုင်ရာဌာန Center for Volcanology and Geological Hazard Mitigation (PVMBG) က ဆီမီရူမီးတောင် ပေါက်ကွဲမှု သတိပေးချက်ကို အဆင့် (၃) မှ အဆင့်(၄) သို့ အမြင့်ဆုံး တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း အဆိုပါဌာန၏ အကြီးအကဲက ဒီဇင်ဘာလ (၄) ရက် နှောင်းပိုင်းတွင် ပြောခဲ့သည်။ ယမန်နှစ်အတွင်း ဆီမီရူမီးတောင် ပေါက်ကွဲမှုကြောင့် လူ (၅၀) ကျော် သေဆုံးခဲ့ပြီး လူဦးရေ ထောင်နှင့်ချီ နေအိမ်စွန့်ခွာခဲ့ကြရသည်။

လူဦးရေ သန်း (၂၇၀) ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင် (၁၄၂) လုံးရှိပြီး မီးတောင်အနီး လူဦးရေအများဆုံးနေထိုင်သည့် နိုင်ငံဖြစ်သည်။ 

အင်ဒိုနီးရှားတွင် မီးတောင်ပတ်လည် (၆) မိုင်ကျော်အတွင်း လူဦး‌ရေ (၈.၆) သန်းနေထိုင်ကြသည့် မီးတောင်တစ်လုံးလည်းရှိကြောင်း သိရသည်။

Source: Reuters