ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘုရားဖူးများ လိုက်ပါလာသည့် ကူးတို့စက်လှေနစ်မြုပ်ပြီး အနည်းဆုံး လူ (၂၅) ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘုရားဖူးများ လိုက်ပါလာသည့် ကူးတို့စက်လှေနစ်မြုပ်ပြီး အနည်းဆုံး လူ (၂၅) ဦး သေဆုံး
စက်တင်ဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူဘုရားဖူးများ လိုက်ပါလာသည့် ကူးတို့ စက်လှေတစ်စီး စက်တင်ဘာလ (၂၅) ရက်နေ့က နစ်မြုပ်ခဲ့ရာ အနည်းဆုံး လူ (၂၅) ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယခုဖြစ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်တွင် တစ်နှစ်ကျော်ကာလအတွင်း အဆိုးဆုံး ရေလမ်းကြောင်း ဘေးအန္တရာယ်ဖြစ်မှုလည်း ဖြစ်လာသည်။

ပြန်လည်ဆယ်ယူရရှိသည့် အလောင်းများအနက် အမျိုးသမီး (၁၂) ဦးနှင့် ကလေး (၈) ဦး ပါဝင်ကြောင်း ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်း Panchagarh ခရိုင် အုပ်ချုပ်ရေးမှူး Jahurul Islam က ပြောသည်။ 

"ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ၎င်းကဆိုသည်။ 

နစ်မြုပ်သွားသည့် ကူးတို့စက်လှေက ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ကျင်းပပြုလုပ်သည့် Mahalaya အခမ်းအနားသို့ သွားရောက်မည်သူများကို တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

နစ်မြုပ်သွားသည့် စက်လှေပေါ်တွင် လူအရေအတွက် မည်မျှလိုက်ပါလာခဲ့ကြောင်း Jahurul Islam က မပြောခဲ့သော်လည်း ခရီးသည်များ၏ အဆိုအရ လူ (၇၀) ကျော် ပါရှိကြောင်း သိရသည်။ 

စက်လှေမှာ Karatoya မြစ်အတွင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။ 

ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Jahurul Islam က ပြောသည်။

ရဲတပ်ဖွဲ့၏ ပြောကြားမှုအရ စက်လှေနစ်မြုပ်မှုအတွင်း လူ (၂၀) နီးပါး ပျောက်ဆုံးနေကြောင်းနှင့် အချို့ခရီးသည်များမှာ ကမ်းခြေသို့ ရေကူးပြီး ရောက်ရှိလာခဲ့ သို့မဟုတ် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့စက်လှေ သို့မဟုတ် ကူးတို့သင်္ဘော မတော်တဆမှုများကြောင့် နှစ်စဥ် လူဦးရေ ရာနှင့်ချီ သေဆုံးနေသည်။ 

ယမန်နှစ် ဧပြီလအတွင်းကလည်း လူအပြည့်တင်ဆောင်လာသည့် ကူးတို့သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ ဒါကာမြို့တော် အပြင်ဘက် Shitalakhsya မြစ်အတွင်း တိုက်မိခဲ့ပြီး နစ်မြုပ်ခဲ့ရာ အနည်းဆုံး လူ (၃၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Source: Reuters

Photo: AFP, Hindu Voice