G20 ထိပ်သီးအစည်းအဝေး ကျင်းပနေစဥ် ရုရှားက ယူကရိန်းနိုင်ငံတဝန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်

G20 ထိပ်သီးအစည်းအဝေး ကျင်းပနေစဥ် ရုရှားက ယူကရိန်းနိုင်ငံတဝန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်
နိုဝင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအ‌ဝေး စတင် ကျင်းပသည့် နိုဝင်ဘာလ (၁၅) ရက်နေ့မှာပင် ရုရှားက ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်မြို့ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် မြိုလယ်နှင့်နီးကပ်သော လူနေအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။ 

ရုရှားတပ်ဖွဲ့များက ဒုံးကျည်များဖြင့် ယူကရိန်းတစ်နိုင်ငံလုံးတွင် တိုက်ခိုက်ခဲ့ပုံရပြီး Mykolaiv, Chernihiv နှင့် Zaporizhzhia မြို့များတွင်လည်း တိုက်ခိုက်မှုများရှိခဲ့သည်။

ရုရှားက ယူကရိန်းနိုင်ငံတဝန်းကို ဒုံးကျည်အစင်းရေ (၇၀) ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

ကိဗ်မြို့တွင် Pechersk ခရိုင်အတွင်းရှိ လူနေအဆောက်အအုံများ ဒုံးကျည်ထိမှန်ပျက်စီးခဲ့ကြောင်း မြို့တော်ဝန် Vitali Klitschko က ပြောသည်။ 

ထိုအတောအတွင်း G20 အဖွဲ့ဝင်နိုင်ငံများမှ ကမ္ဘာ့ခေါင်းဆောင်များက ဘာလီကျွန်းတွင် ထိပ်သီးအစည်းအ‌ဝေး ကျင်းပပြုလုပ်နေပြီး အများစုက ရုရှားကျူးကျော်မှုကို ရှုတ်ချခဲ့ကြသည်။

G20 ထိပ်သီးအစည်းအ‌ဝေး၏ ကြေညာချက် မူကြမ်းတစ်ရပ်တွင် အဖွဲ့ဝင်နိုင်ငံ အများစုက ရုရှားကျူးကျော်မှုကြောင့် ဖြစ်ပွားရသည့် ယူကရိန်းစစ်ပွဲကို ရှုတ်ချကြောင်းနှင့် ထိုစစ်ပွဲ ကမ္ဘာ့စီးပွားရေး ပျက်ယွင်းမှုအခြေအနေကို ပိုမိုဆိုးရွားစေကြောင်း ပြောထားသည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်အစား G20 အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က သဘောထားကွဲလွဲမှုများရှိခဲ့ပြီးနောက် ဘာလီကျွန်းကနေ လေယာဥ်ဖြင့် ပြန်သွားခဲ့ကြောင်း သိရသည်။

G20 ထိပ်သီးအစည်းအဝေးကနေ Sergei Lavrov ထွက်ခွာသွားစဥ် ရုရှားက ယူကရိန်းနိုင်ငံတဝန်း ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ကိဗ်မြို့ကို တိုက်ခိုက်သည့် ဒုံးကျည်အများအပြားကို အောင်မြင်စွာ ကြားဖြတ်ဟန့်တား ပစ်ချနိုင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးဖြစ်ပေါ်ခဲ့သည့် နေရာတွင် ရောက်ရှိနေကြောင်း ကိဗ်မြို့တော်ဝန် Klitschko က ပြောသည်။

ယူကရိန်းနိုင်ငံတဝန်း လေကြောင်းရန်အချက်ပေး ဥဩသံများ ဆူညံစွာ ကြားနေခဲ့ရသည်ဟု ဆိုသည်။

 Mykolayiv မြို့တော်ဝန်၏ အဆိုအရ ရုရှားက ဒုံးကျည်များဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

Chernihiv တွင်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Vyacheslav Chaus က ပြည်သူလူထုကို အကာအကွယ်ယူကြရန်နှင့် ဒုံးကျည်တိုက်ခိုက်မှုများ ဆက်ရှိနေကြောင်း သတိပေးခဲ့သည်။

ယခု ဒုံးကျည်များဖြင့် တိုက်ခိုက်မှုမှာ ယူကရိန်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်ကြောင့် နိုင်ငံတောင်ပိုင်း Kherson မြို့ကနေ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်မှုလည်း ဖြစ်လာသည်။ 

ယူကရိန်းတပ်ဖွဲ့များက Kherson မြို့ကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ခဲ့ကြသည်။ 

Kherson မြို့မှာ ရုရှားက ကျူးကျော်ခဲ့ပြီးနောက် မတ်လကတည်းက သိမ်းပိုက်ထားခဲ့သည့် တစ်ခုတည်းသော ဒေသဆိုင်ရာ မြို့တော်လည်းဖြစ်သည်။

G20 ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ (၁၅) ရက်နှင့် (၁၆) ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးအပြီးတွင် ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားကို ရှုတ်ချကြောင်းပါဝင်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။ 

ထိုအစည်းအဝေးကနေ ရုရှားနိုင်ငံခြားရေးဝန်ကြီး ထွက်ခွာသွားမှုနှင့် တစ်ချိန်တည်းတွင် ယူကရိန်းနိုင်ငံတဝန်း ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရမှုတို့က ပဋိပက္ခအရှိန် ပိုမိုမြင့်တက်လာမည့် လက္ခဏာများအဖြစ် ရှုမြင်ရသည်။

Source: BBC