ဂျပန်နိုင်ငံတွင် အငှားချ အပ်နှံထားသော စုစုပေါင်း ဒေါ်လာ (၁၃) သန်းနီးပါး တန်ဖိုးရှိ တန်ဖိုးကြီး လက်ပတ်နာရီ အလုံး (၉၀၀) ပျောက်ဆုံး

ဂျပန်နိုင်ငံတွင် အငှားချ အပ်နှံထားသော စုစုပေါင်း ဒေါ်လာ (၁၃) သန်းနီးပါး တန်ဖိုးရှိ တန်ဖိုးကြီး လက်ပတ်နာရီ အလုံး (၉၀၀) ပျောက်ဆုံး
By Mr John

ဂျပန်နိုင်ငံတွင် လက်ပတ်နာရီ အငှားလုပ်ငန်းတစ်ခုထံ ပိုင်ရှင်များက အငှားချထားသော အမေရိကန်ဒေါ်လာ (၁၃) သန်းနီးပါး တန်ဖိုးရှိ တန်ဖိုးကြီး လက်ပတ်နာရီ အလုံး (၉၀၀) ခန့် ပျောက်ဆုံးနေပြီး လုပ်ငန်းပိုင်ရှင်မှာ ဒူဘိုင်းမြို့သို့ ထွက်ပြေးသွားကြောင်း ဂျပန်ပြည်တွင်းမီဒီယာက ဖော်ပြသည်။ 

အိုဆာကာမြို့ အခြေစိုက် Toke Match လက်ပတ်နာရီ အငှားလုပ်ငန်းထံ ပိုင်ရှင်များက ၎င်းတို့၏ Rolex အမှတ်တံဆိပ်နှင့် အခြား တန်ဖိုးကြီး လက်ပတ်နာရီများကို အငှားချထားခြင်းဖြင့် လစဥ် ဝင်ငွေရရှိကြသည်။

Toke Match လက်ပတ်နာရီ အငှားလုပ်ငန်းက ၎င်း၏ ဖောက်သည်များထံ ထိုနာရီများ ပြန်လည်ငှားရမ်းပေးခြင်း ဖြစ်သည်။ 

Toke Match ကို ပိုင်ဆိုင်သော Neo Reverse ကုမ္ပဏီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် လက်ပတ်နာရီ အငှားလုပ်ငန်းကို ပိတ်သိမ်းကြောင်းနှင့် နာရီအားလုံးကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံမည်ဟု ကတိပြုခဲ့သည်။

သို့သော် ဂျပန်ယန်းငွေ (၁.၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၉ သန်း) တန်ဖိုးရှိ လက်ပတ်နာရီ အလုံး (၉၀၀) ခန့်၏ ပိုင်ရှင်များမှာ နာရီများ ပြန်မရကြကြောင်း Asahi Shimbun နေ့စဥ်သတင်းစာနှင့် အခြား မီဒီယာများက ပိုင်ရှင် (၉၀၀) ခန့်ရှိ အဖွဲ့တစ်ဖွဲ့ကို ကိုးကားဖော်ပြသည်။ 

ပျောက်ဆုံးနေသော လက်ပတ်နာရီများအနက်မှ အချို့ကို အွန်လိုင်းလေလံဝက်ဘ်ဆိုက်တစ်ခုပေါ်တွင် တွေ့ရှိခဲ့ရာမှ နာရီပိုင်ရှင်များက ဂျပန်နိုင်ငံတဝန်းရှိ ရဲစခန်းများတွင် တိုင်ချက်ဖွင့်လာကြကြောင်း သိရသည်။

၎င်း၏ လေလံဝက်ဘ်ဆိုက်တွင် လေလံတင်ထားသော လက်ပတ်နာရီ အနည်းဆုံး အလုံး (၂၀) တွင် ပါရှိသော ထုတ်လုပ်မှုဆိုင်ရာ အမှတ်စဥ်များနှင့် Toke Match က ငှားရမ်းခဲ့သော နာရီများ၏ အမှတ်စဥ်များ တူညီနေသည်ဟု အွန်လိုင်းလေလံဝက်ဘ်ဆိုက် လုပ်ကိုင်နေသည့် Valuence Japan က AFP သတင်းဌာနကို ပြောသည်။ 

ထိုနာရီများကို လေလံတင်ရောင်းချမှုအား ချက်ချင်း ရပ်ဆိုင်းခဲ့သည်ဟု Valuence Japan က ဆိုသည်။

ထိုနာရီများအနက်မှ ထက်ဝက်မှာ လက်ပတ်နာရီ အငှားလုပ်ငန်း Toke Match မပိတ်သိမ်းမီကပင် လေလံဝက်ဘ်ဆိုက်ပေါ် ရောက်နေခဲ့ကြောင်းလည်း Valuence Japan ၏ ပြောခွင့်ရအမျိုးသမီးက ပြောသည်။ 

ပျောက်ဆုံးနေသော လက်ပတ်နာရီအချို့ကို တစ်ပတ်ရစ်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချနေကြောင်း သတင်းပေးမှုများ လက်ခံရရှိထားသည်ဟု Sharing Economy Association, Japan က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ဂျပန်၏ Sharing Economy ဈေးကွက်မှာ လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာကြောင်းနှင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ယန်းငွေ (၂.၆) ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း ထိုအဖွဲ့အစည်းက ဆိုသည်။ 

Toke Match လက်ပတ်နာရီ အငှားလုပ်ငန်းကို ပိုင်ဆိုင်လုပ်ကိုင်သော Neo Reverse မှာ Sharing Economy Association, Japan ၏ အဖွဲ့ဝင် (၄၀၀) ခန့်တွင် တစ်ခုအပါအဝင် ဖြစ်သော်လည်း ပိုင်ရှင်များက ၎င်းတို့၏ လက်ပတ်နာရီများ ပြန်မရကြောင်း တိုင်ကြားမှုများ ရှိလာပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် အဖွဲ့ဝင်လုပ်ငန်းစာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ယခုအခါ တိုကျိုရဲတပ်ဖွဲ့က Toke Match ၏ ပိုင်ရှင်ဖြစ်သူ အသက်(၄၂)နှစ်ရှိ တာကာဇူမီ ကိုမင်နာတို ကို Rolex လက်ပတ်နာရီတစ်လုံး အလွဲသုံးစားမှု သံသယဖြင့် ဖမ်းဆီးရန် ဖမ်းဝရမ်းရရှိထားသည်ဟု Jiji Press သတင်းဌာနက စုံစမ်းစစ်ဆေးမှု သတင်းရင်းမြစ်များကို ကိုးကားပြီး ၂၀၂၄ ခုနှစ် မတ်လ (၆) ရက်နေ့တွင် ဖော်ပြသည်။

၎င်းထံ အငှားချ အပ်နှံထားသော Rolex လက်ပတ်နာရီကို တစ်ပတ်ရစ်ပစ္စည်းရောင်းသူထံ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ယန်းငွေ (၆၅၀,၀၀၀) ဖြင့် ရောင်းချမှုဖြင့် တာကာဇူမီကို ရဲတပ်ဖွဲ့က သံသယရှိသည်။ 

သို့သော် တာကာဇူမီက ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် ဒူဘိုင်းသို့ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ၎င်းကို နိုင်ငံတကာဖမ်းဝရမ်းထုတ်၍ ဖမ်းဆီးရန် စီစဥ်နေကြောင်း Jiji Press သတင်းက ပြောသည်။

Source: AFP