ကိုလံဘီယာ နွားရိုင်းသတ်ပွဲတွင် ပွဲကြည့်စင်ပြိုကျမှုကြောင့် အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ

ကိုလံဘီယာ နွားရိုင်းသတ်ပွဲတွင် ပွဲကြည့်စင်ပြိုကျမှုကြောင့် အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ
By Mr John

 ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း တိုလီမာပြည်နယ် El Espinal မြို့တွင် ဇွန်လ (၂၆) ရက်နေ့က နွားရိုင်းသတ်ပွဲအတွင်း ပွဲကြည့်စင်ပြိုကျခဲ့ရာ အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်းနှင့် ၎င်းတို့အနက် (၃၀) ခန့်မှာ ဒဏ်ရာပြင်းထန်ကြောင်း အစိုးရအရာရှိတွေက ပြောသည်။ 

"ဒီအချိန်မှာ လူ (၄) ယောက် သေဆုံးတာ အတည်ပြုထားပါတယ်။ အမျိုးသမီး  (၂) ယောက်၊ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ပါ။ နောက်ထပ် လူ (၃၀) လောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ အလုပ် လုပ်နိုင်တဲ့ ဆေးရုံနဲ့ အရေးပေါ်ကား အားလုံးကို စီစဥ်ထားပါတယ်" ဟု တိုလီမာပြည်နယ် အုပ်ချုပ်ရေးမှူး Ricardo Orozco က ပြည်တွင်းရေဒီယိုသတင်းဌာန BluRadio Colombia ကို ပြောခဲ့သည်။

ကိုလံဘီယာ ရွေးကောက်ခံသမ္မတ ဂူစတာဗို ပက်ထရိုက Twitter တွင် တင်ခဲ့သည့်ဗီဒီယိုအရ ပရိသတ်များနှင့်ပြည့်နေသည့် ပွဲကြည့်စင်နေရာ ပြိုကျသွားခဲ့ကြောင်း တွေ့ရသည်။ 

El Espinal မြို့တော်ဝန် Juan Carlos Tamayo က နွားရိုင်းသတ်ပွဲ ကျင်းပသည့်ကွင်း၌ ပွဲကြည့်စင်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း Facebook ပို့စ်တစ်ခုတွင် ဇွန်လ (၂၆) ရက်နေ့က အတည်ပြုထားသည်။

"ကျွန်တော်တို့ရဲ့ နွားရိုင်းသတ်ကွင်းမှာ ဖြစ်ပျက်ခဲ့တာကို ကျွန်တော်တို့ အလွန်ဝမ်းနည်းပါတယ်" ဟု Tamayo က ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။ 

"အဲဒီနေရာမှာရှိကြတဲ့ နိုင်ငံသားအားလုံး ရွှေ့ပြောင်းထွက်ခွာကြဖို့ ကျွန်တော် ပြောချင်ပါတယ်။ အာဏာပိုင်တွေနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးနေပါတယ်။ ကျေးဇူးပြုပြီး ထွက်ခွာကြရအောင်ပါ။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းကို ကူညီကြရအောင်ပါ။ ဒါမှ သူတို့က သူတို့ရဲ့အလုပ်ကို လုပ်နိုင်မှာပါ"ဟု မြို့တော်ဝန်က မေတ္တာရပ်ခံခဲ့သည်။

ပြည်နယ်အတွင်းရှိ ဆေးရုံများတွင် နွားရိုင်းသတ်ကွင်း ပွဲကြည့်စင်ပြိုကျမှုမှ ဒဏ်ရာရခဲ့သူ (၃၂၂) ကို လက်ခံကုသပေးနေကြောင်း တိုလီမာပြည်နယ် ကျန်းမာရေးဝန်ကြီး Martha Palacios က ဇွန်လ (၂၆)ရက်နေ့ ညပိုင်းတွင် ပြောခဲ့သည်။

 ကိုလံဘီယာ ပြည်သူ့ကာကွယ်ရေးဌာန Defensa Civil Colombiana က Twitter တွင် ရေးသားထားမှုအရ စေတနာ့ဝန်ထမ်းတွေက ဒဏ်ရာရသူများကို နွားရိုင်သတ်ကွင်းတည်ရှိရာ နေရာအတွင်းရှိ ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

El Espinal မြို့ရှိ နွားရိုင်းသတ်ကွင်း ပွဲကြည့်စင်တွင် အထပ် (၃) ထပ်ပါဝင်ပြီး ပြိုကျမှုဖြစ်ပွားခဲ့သည့် ပွဲကြည့်စင်နေရာမှာ အထပ်အားလုံး မြေပြင်သို့ လုံးဝ ပြိုကျသွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။

 ပြိုကျခဲ့ချိန်တွင် ထိုပွဲကြည့်စင်နေရာ၌ ပရိသတ်များနှင့်ပြည့်နေခဲ့ပြီး ကွင်းထဲတွင်ရှိနေသူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသည်။ 

လက်ရှိအချိန်တွင် ပွဲကြည့်စင်ပြိုကျရသည့် အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ခြင်းမရှိသေးဘဲ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း El Espinal မြို့တော်ဝန် Tamayo က ပြောသည်။

#TachileikNewsAgency

Source: CNN