ဖိလစ်ပိုင်နိုင်ငံတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အပါအဝင် လူ (၃) ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အပါအဝင် လူ (၃) ဦး သေဆုံး
ဇူလိုင် 25, 2022 | နိုင်ငံတကာသတင်း
By Mr John

ဖိလစ်ပိုင်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပစ်ခတ်မှုဖြစ်ပြီး လူ (၃) ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် မြို့တော်နယ်မြေအတွင်း တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မတည်ငြိမ်မှုများရှိသည့် နိုင်ငံတောင်ပိုင်းမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အပါအဝင် လူ (၃) ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 ထိုပစ်ခတ်မှုမှာ နိုင်ငံတောင်ပိုင်း Lamitan မြို့၏ အုပ်ချုပ်ရေးမှူးဟောင်း Rose Furigay ကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပုံရသည်ဟု Quezon မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Remus Medina က ဆိုသည်။

သေနတ်သမားအဖြစ် သံသယရှိသူ အမျိုးသားမှာ တက္ကသိုလ်ဝင်း လုံခြုံရေးအရာရှိတစ်ဦးနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့ကြောင်း ၎င်းကို ကားဖြင့်လိုက်လံဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယခုအခါ စစ်ဆေးမေးမြန်းနေကြောင်း Medina က ပြောသည်။ 

"သူက လုပ်ကြံသတ်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်" ဟု ၎င်းကဆိုသည်။ 

ထိုအမျိုးသားထံတွင် ပစ္စတိုသေနတ် (၂) လက် တွေ့ရှိခဲ့ကြောင်းလည်း Medina က ဖြည့်စွက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် Quezon မြို့မှာ လူဦးရေ (၁၃) သန်းကျော်ရှိပြီး မြို့ပေါင်း (၁၆) ခုဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မနီလာမြို့တော်နယ်မြေ၏ အစိတ်အပိုင်း ဖြစ်သည်။ 

အုပ်ချုပ်ရေးမှူးဟောင်း Furigay မှာ ဥပဒေကျောင်းဖြစ်သည့် Ateneo de Manila တက္ကသိုလ်တွင် သမီးဖြစ်သူ ဘွဲယူသည့်အခမ်းအနားကို တက်ရောက်စဥ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ထိုတက္ကသိုလ်မှ ဖိလစ်ပိုင်၏ ဂုဏ်သိက္ခာအရှိဆုံး တက္ကသိုလ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ပစ်ခတ်မှုကြောင့် နောက်ထပ် သေဆုံးသူ (၂) ဦမှာ တက္ကသိုလ်ဝင်း လုံခြုံရေးအရာရှိနှင့် Furigay ၏ လက်ထောက်တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

Furigay ၏ သမီးဖြစ်သူလည်း ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် Ateneo de Manila တက္ကသိုလ်က ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖျက်သိမ်းလိုက်သည်။

သေနတ်သမားအဖြစ် သံသယရှိသူမှာ Basilan ပြည်နယ် Lamitan မြို့ဇာတိဖြစ်ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၎င်း၏ ဆွေမျိုးများရှိမနေခဲ့ဟု ဆိုသည်။ 

ဖိလစ်ပိုင်နိုင်ငံ Basilan ပြည်နယ်မှာ လုယက်တိုက်ခိုက်မှုနှင့် ပြန်ပေးဆွဲမှုတို့ကြောင့် လူသိများသော အဘူဆေယက်ဖ် (Abu Sayyaf) အစွန်းရောက်အုပ်စု၏ အခိုင်အမာ အခြေပြုရာနေရာလည်း ဖြစ်သည်။

Source: CNA

Photo: AP/Aaron Favila