ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှုအပေါ် မိသားစုက ကုလသမဂ္ဂထံ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှုအပေါ် မိသားစုက ကုလသမဂ္ဂထံ တိုင်ကြား
By Mr John

 မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီး‌ကတည်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရမှုအတွက် မိသားစုဝင်များက ကုလသမဂ္ဂထံ တိုင်ကြားခဲ့ကြောင်း ၎င်းတို့၏ ရှေ့နေတွေက ပြောသည်။ 

အသက် (၇၆) နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားမှုမှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ထောင်ဒဏ် နှစ်ပေါင်း (၁၅၀) ကျော်အထိ ချမှတ်နိုင်သော အမှုအများအပြားဖြင့် စွဲချက်တင်ထားသည်။

လက်ရှိဖြစ်နေသည့် အခြေအနေကို "တရားစီရင်ရေးစနစ် ပြန်ပေးဆွဲခံရမှု" အဖြစ် လူ့အခွင့်အရေးရှေ့နေများဖြစ်သော Francois Zimeray နှင့် Jessica Finelle တို့က ပြောသည်။ 

ထိုရှေ့နေ နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဝင်များကိုယ်စား မတရားချုပ်နှောင်မှုဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ UN Working Group on Arbitrary Detention (UNWGAD) ထံ တိုင်ကြားခဲ့ကြောင်း အတည်ပြုခဲ့သည်။

"သူမကို ဖမ်းဆီးထားမှုက တရား မဝင်ပါဘူး။ ထိန်းသိမ်းထားခြင်းက မည်သည့် တရားဥပဒေအခြေခံနှင့်မျှ မကိုက်ညီပါဘူး။ သူမကို တရားစွဲဆိုပြီး အမှုစစ်ဆေးခြင်းကလည်း ဥပဒေလုပ်ထုံးလုပ်နည်း အခြေခံစည်းမျဥ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်" ဟု AFP က ကြည်ရှုခဲ့သည့် တိုင်ကြားချက်တွင် ဖော်ပြထားသည်။ 

"ဒါက တရားခွင်အဖြစ် ဟန်ဆောင်ထားတဲ့  ပြန်ပေးဆွဲမှုဖြစ်တယ်။ တရားမျှတမှုမရှိဘဲ အဆက်အသွယ်ဖြတ် ထိန်းသိမ်းထားပြီး လက်ခံနိုင်စရာမရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်မှု ဖြစ်တယ်" ဟုလည်း ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဓိပ္ပါယ်မရှိသည့် အမှုများဖြင့် တရားစွဲဆိုကာ ယခုအချိန်အထိ ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။ 

သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ နောက်ထပ် ထောင်ဒဏ် နှစ်ပေါင်း (၁၀၀) ကျော် ချမှတ်ခံရနိုင်သည့် မတူညီသည့် အမှုူ (၁၇) ခုကို ရင်ဆိုင်နေရသေးကြောင်း ရှေ့နေတွေက ပြောသည်။ 

ယခင် စစ်အာဏာရှင်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ရှိ ၎င်း၏မိသားစုနေအိမ်တွင် နှစ်ကာလရှည်ကြာ အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ဖူးကြောင်း သိရသည်။

#TachileikNewsAgency

Source: AFP