ထိုင်းနိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါ ကူးစက်လူနာ ပျောက်ဆုံးသွား၍ ရှာဖွေခဲ့ရ

Photo: Department of Disease Control
Photo: Department of Disease Control
ထိုင်းနိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါ ကူးစက်လူနာ ပျောက်ဆုံးသွား၍ ရှာဖွေခဲ့ရ
ဇူလိုင် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်လူနာအဖြစ် သတ်မှတ်ထားသည့် နိုင်ဂျီးရီးယားအမျိုးသား ပျောက်ဆုံးသွားခဲ့ပြီး ၎င်းကို ရှာဖွေနေကြောင်း ဖူးခက်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး Pichet Panaong က ဇူလိုင်လ (၂၂) ရက်နေ့တွင် ပြောသည်။ 

ထိုင်းမီဒီယာများတွင် အသက် (၂၇) နှစ်အရွယ် အဆိုပါ နိုင်ဂျီးရီးယားအမျိုးသား မျောက်ကျောက်လူနာက ၎င်းကို ကုသပေးနေသည့် ဆေးရုံမှ ထွက်ပြေးသွားခဲ့ကြောင်း သတင်းများ ဖော်ပြခဲ့ကြီးနောက် Pichet Panaong က အခြား အကြီးတန်းအရာရှိများနှင့်အတူ လူနာပျောက်ဆုံးနေကြောင်း ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ဂျီးရီးယားအမျိုးသားမှာ ဖူးခက်၏ Patong ကမ်းခြေဧရိယာတွင် ရှိနေဆဲဖြစ်သည်ဟု ယူဆထားကြောင်း ဖူးခက်လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲဗိုလ်မှူးကြီး Thanet Sukchai က ပြောသည်။ 

ရောဂါစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူများက ထိုအမျိုးသားနှင့် ထိတွေ့မှုရှိခဲ့ကြသည့် လူ (၁၅၄) ဦးကို ခြေရာခံ ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို လိုအပ်သည့် စစ်ဆေးမှုများလုပ်ခဲ့ကြောင်း Thanet Sukchai က ဆိုသည်။ 

လက်ရှိအချိန်အထိ ကူးစက်ခံရသူမရှိကြောင်းလည်း ၎င်းကဆိုသည်။

ကျန်းမာရေးတာဝန်ရှိသူများက ရောဂါကိုထိန်းချုပ်နိုင်ကြောင်းနှင့် အများပြည်သူအနေဖြင့် အထိတ်တလန့်ဖြစ်စရာမလိုကြောင်း ရဲဗိုလ်မှူးကြီး Thanet Sukchai က ပြောသည်။ 

ကျန်းမာရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ ဆက်လက်ရှာဖွေရာမှ အဆိုပါ အမျိုးသားကို ပြန်လည်ရှာဖွေ တွေ့ရှိဖြစ်ကြောင်း သိရသည်။

ဖူးခက်ကျန်းမာရေးဌာန အကြီးအကဲ ဒေါက်တာ Kusak Kukiartkul ၏ အဆိုအရ နိုင်ဂျီးရီးယားအမျိုးသားထံတွင် တွေ့ရှိရသည့် မျောက်ကျောက်ရောဂါဗိုင်းရပ်စ်မှာ African မျိုးကွဲ A2 ဖြစ်ပြီး မပြင်းထန်ကြောင်း သိရသည်။

နိုင်ဂျီးရီးယားအမျိုးသားမှာ ကိုယ်ပူ၊ ချောင်းဆိုး၊ လည်ချောင်းနာပြီး နှာရည်ယိုသော လက္ခဏာများနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆေးရုံတက်ခဲ့သည်ဟု ဆိုသည်။ 

၎င်း၏ လိင်အင်္ဂါတွင်လည်း အဖုနှင့် အနာများရှိခဲ့ပြီး ထိုအဖုနှင့်အနာများမှာ ၎င်း၏ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် မျက်နှာသို့ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ထို့နောက် Thai Red Cross Emerging Infectious Diseases Clinical Center ထံမှ PCR စစ်ဆေးမှုအရ ထိုအမျိုးသားထံတွင် မျောက်ကျောက်ရောဂါရှိကြောင်း ဇူလိုင်လ (၁၉) ရက်နေ့က တွေ့ရှိခဲ့ရသည်။ 

နောက်ပိုင်းတွင် ထိုအမျိုးသားထံ၌ မျောက်ကျောက်ဗိုင်းရပ်စ်ရှိကြောင်း Department of Disease Control (DDC) ဓာတ်ခွဲခန်းကလည်း စစ်ဆေးအတည်ပြုခဲ့သည်။

ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ဖူးခက်ပြည်နယ်ရှိ ရောဂါထိန်းချုပ်ရေး တာဝန်ရှိသူများကို ပြည်နယ်အတွင်း အခြား ဖြစ်နိုင်ခြေရှိသည့် ကူးစက်မှုများကို စောင့်ကြည့်ပြီး ဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း DDC အကြီးအကဲဒေါက်တာ Opas Karnkawinpong က ပြောသည်။ 

ရောဂါထိန်းချုပ်ရေးကော်မတီ National Disease Control Committee က ယခုကူးစက်မှုကို ထိုင်းနိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်မှုအဖြစ် ဇူလိုင်လ (၂၁) ရက်နေ့တွင် ကောက်ချက်ချခဲ့သည်။

#TachileikNewsAgency

Source: Bangkok Post