ထိုင်းနိုင်ငံအတွင်း မျောက်ကျောက်ရောဂါကူးစက်မှု ဖူးခက်တွင် ပထမဆုံး တွေ့

ထိုင်းနိုင်ငံအတွင်း မျောက်ကျောက်ရောဂါကူးစက်မှု ဖူးခက်တွင် ပထမဆုံး တွေ့
ဇူလိုင် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်မှု တွေ့ရှိရကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန Department of Disease Control (DDC) က ဇူလိုင်လ (၂၁) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

နိုင်ဂျီးရီးယားနိုင်ငံမှ ဖူးခက်သို့ လာရောက်ခဲ့သည့် အသက် (၂၇) နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား အမျိုးသားတစ်ဦးထံက တွေ့ရှိရခြင်း ဖြစ်သည်ဟု သိရသည်။ 

ဖူးခက်ကျွန်းရှိ ပုဂ္ဂလိကဆေးရုံက ၎င်း၏လူနာတစ်ဦးထံတွင် မျောက်ကျောက်ရောဂါလက္ခဏာများရှိကြောင်း သံသယရှိခဲ့ပြီးနောက် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ထိုဆေးရုံသို့ ဇူလိုင်လ (၁၈) ရက်နေ့က စေလွှတ်ခဲ့သည်ဟု DDC အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Opas Karnkawinpong က ပြောသည်။

ထိုလူနာမှာ ကိုယ်ပူ၊ ချောင်းဆိုး၊ လည်ချောင်းနာပြီး နှာရည်ယိုသော လက္ခဏဦများနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆေးရုံတက်ခဲ့သည်ဟု ဆိုသည်။ 

၎င်း၏ လိင်အင်္ဂါတွင်လည်း အဖုနှင့် အနာများရှိခဲ့ပြီး ထိုအဖုနှင့်အနာများမှာ ၎င်း၏ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် မျက်နှာသို့ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ထို့နောက် Thai Red Cross Emerging Infectious Diseases Clinical Center ထံမှ PCR စစ်ဆေးမှုအရ ထိုအမျိုးသားထံတွင် မျောက်ကျောက်ရောဂါရှိကြောင်း ဇူလိုင်လ (၁၉) ရက်နေ့က တွေ့ရှိခဲ့ရသည်။

 နောက်ပိုင်းတွင် ထိုအမျိုးသားထံ၌ မျောက်ကျောက်ဗိုင်းရပ်စ်ရှိကြောင်း DDC ဓာတ်ခွဲခန်းကလည်း စစ်ဆေးအတည်ပြုခဲ့သည်။

ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ဖူးခက်ပြည်နယ်ရှိ ရောဂါထိန်းချုပ်ရေး တာဝန်ရှိသူများကို ပြည်နယ်အတွင်း အခြား ဖြစ်နိုင်ခြေရှိသည့် ကူးစက်မှုများကို စောင့်ကြည့်ပြီး ဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း ဒေါက်တာ Opas က ပြောသည်။ 

ရောဂါထိန်းချုပ်ရေးကော်မတီ National Disease Control Committee က ယခုကူးစက်မှုကို ထိုင်းနိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်မှုအဖြစ် ဇူလိုင်လ (၂၁) ရက်နေ့တွင် ကောက်ချက်ချခဲ့သည်။

ရောဂါလက္ခဏာများမှာ မပြင်းထန်တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေဖြစ် မကြေညာသေးရာ အများပြည်သူအနေဖြင့် အထိတ်တလန့်မဖြစ်ကြရန် DDC အကြီးအကဲက တိုက်တွန်းခဲ့သည်။

ယခုနှစ် မေလမှစပြီး အာဖရိကပြင်ပတွင် မျောက်ကျောက်ရောဂါကူးစက်မှုများ မြင့်တက်လာမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာခြင်းပြု မပြု ဇူလိုင်လ (၂၁) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။ 

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တာဆီးကာကွယ်ရေးဌာန Centers for Disease Control and Prevention (CDC) ၏ နောက်ဆုံးထုတ်ပြန်ထားမှုအရ ယခုအခါ ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ (၁၅,၀၀၀) ကျော်ရှိနေပြီး အာဖရိကတွင် (၅) ဦး သေဆုံးခဲ့သည်။

မျောက်ကျောက်ရောဂါမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦးလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် အဖုအပိမ့်များ လျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။ 

ထိုရောဂါကူးစက်ခံရသူများ၏  လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာသည်။ မျောက်ကျောက်ရောဂါ လက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်ကြာပြီးနောက် ကင်းရှင်းသွားပြီး ပုံမှန်အားဖြင့် သေစေနိုင်ခြင်းမရှိပေ။

မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။ 

အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် လတ်တလော နှစ်များအတွင်း လူဦးရေ ထောင်နှင့်ချီ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ဥရောနှင့် မြောက်အမေရိက အပါအဝင် အာဖရိပြင်ပနေရာများတွင်မူ ကူးစက်ဖြစ်ပွားမှု ရှားပါးသည်။

Source: Bangkok Post