ကျိုင်းတုံမြို့နယ်အတွင်း အင်အားကြီး ငလျင်ကြောင့် ဘုရားရှိခိုးကျောင်း နှင့် စာသင်ကျောင်း အပါအဝင် လူနေအိမ်အချို့ ထိခိုက် ပျက်စီး

ကျိုင်းတုံမြို့နယ်အတွင်း အင်အားကြီး ငလျင်ကြောင့် ဘုရားရှိခိုးကျောင်း နှင့် စာသင်ကျောင်း အပါအဝင် လူနေအိမ်အချို့ ထိခိုက် ပျက်စီး
ဇူလိုင် 22, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း အင်အားကြီးငလျင်ကြောင့် လူနေအိမ်များ နှင့် ဘုရားကျောင်း အပါအဝင် စာသင်ကျောင်းအချို့  ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဇူလိုင်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ ကြားသိရသည်။

အင်အားကြီးငလျင် (၆.၄)ကြောင့် ကျိုင်းတုံမြို့ နမ့်လုံနမ်နီအုပ်စုရှိ ကဲရွှေ လားဟူနှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်း နှင့်  နမ့်လုံနမ့်နီအုပ်စုရှိ စာသင်ကျောင်းတို့ ပျက်စီးခဲ့သလို ရပ်ကွက်(၂)၊ အထက(၄)ကျောင်းဝင်းအတွင်းရှိ နေအိမ်၏ မြေအုတ်နံရံ ပြိုကျမှု၊ ယန်းခရွာရှိ  လူနေအိမ် (၂)လုံး၏ အုတ်ဘလောက် နံရံများ ပြိုကျမှု၊ ဆွတ်ရွဲရွာရှိ လူနေအိမ် (၁)လုံး၏ အုတ်ဘလောက်နံရံများပြိုကျမှုနှင့် နောင်လျဲန့်တွင်လည်း နေအိမ်အချို့ နံရံအက်ကြောင်းရာဖြစ်ပေါ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းအပြင်း အခြားသော နေရာများရှိ ရှေ့ဟောင်းအိမ်များတွင်လည်း အနည်းငယ်စီ ထိခိုက်ပျက်စီးမှုများရှိကြောင်းလည်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံ လမ်းမကြီးပေါ် မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ရွာအနီး တောင်ပြိုကာ ကျောက်တုံး ကျောက်ခဲများ လမ်းပေါ် ကျပြီး လမ်းတခြမ်းနီးပါး ပိတ်မှုလည်း ဖြစ်ပွားခဲ့သေးသည်။

လိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ (၃၇)မိနစ် (၂၄)စက္ကန့် အချိန်က လှုပ်ခတ်သွားသည့် ငလျင်အင်အားကို မြန်မာနိုင်ငံ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ရစ်ချ်စတာ စကေး(၆.၁)ဟု ထုတ်ပြန်ထားသော်လည်း အချိန်နှင့်တပြေးညီ ငလျင်လှုပ်ခတ်မှုများကို ထုတ်ပြန်ပေးနေသည့် ထိုင်းနိုင်ငံငလျင်တိုင်းတာရေးဌာနက ရစ်ချ်စတာ စကေး(၆.၄)အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သည်ဟု ထုတ်ပြန်ထားသည်။

အင်အားကြီးငလျင်လှုပ်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိသော်လည်း ငလျင်ကြောင့် အများစုမှာ မူးဝေသည့် ဝေဒနာခံစားလိုက်ရသည်ဟု သိရသည်။

 

ကျိုင်းတုံမြို့နယ်အတွင်း၌ ဇူလိုင်လ(၂၁)ရက်နေ့ ညပိုင်းကနေစတင်ပြီး ဇူလိုင်လ(၂၂)ရက်နေ့ ညပိုင်းအထိ အသေးစားငလျင်များ ဆက်တိုက် လှုပ်ခတ်မှုများရှိနေပြီး ယခုသတင်း ရေးသားနေချိန် ဇူလိုင်လ(၂၂)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ် (၃၆)စက္ကန့်အချိန်တွင်  ရစ်ချ်စတာ စကေး(၃.၈)အဆင့်ရှိ အသေးစားငလျင် လှုပ်ခတ်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန၊ ငလျင်စောင့်ကြည့်ရေးဌာနခွဲက ထုတ်ပြန်ထားရှိသည်။

ငလျင်ကြီး လှုပ်ခတ်ပြီးနောက် အသေးစားငလျင်များမှာ အနည်းဆုံး မိနစ်(၃၀)ခြား တခါ လှုပ်ခတ်နေခြင်း ဖြစ်သည်။

ပုံအညွှန်း - ဘုရားကျောင်း၊ စာသင်ကျောင်း နှင့် လူနေအိမ်အချို့ ပျက်စီးသည့် ပုံများဖြစ်သည်။

#TachileikNewsAgency

Photo: CJ