တာချီလိတ်မြို့တွင် စည်ပင်ရုံးဗုံးခွဲခံရပြီးနောက် ညပိုင်း လမ်းပေါ် ပြန်လည် စစ်ဆေး

တာချီလိတ်မြို့တွင် စည်ပင်ရုံးဗုံးခွဲခံရပြီးနောက် ညပိုင်း လမ်းပေါ် ပြန်လည် စစ်ဆေး
သြဂုတ် 28, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် စည်ပင်ရုံး ဗုံးခွဲခံရပြီးနောက်တစ်နေ့ဖြစ်သည့် ယနေ့ ဩဂုတ်လ(၂၈)ရက်နေ့ ညပိုင်းတွင် မြို့တွင်း အနည်းဆုံး (၃)နေရာတွင် လက်နက်အပြည့်အစုံဖြင့် ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ရဲနဲ့စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ စစ်နေတာ။ ခရိုင်ရဲရုံးရှေ့က သူတို့ ကြောက်ပြီး လမ်းပိတ်ထားတော့ အဲ့ကနေ ရှောင်သွားရတဲ့ နေရာမှာလည်း စစ်နေတယ်။ တွေ့တာတော့ (၃)နေရာတွေ့တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက စစ်ခိုင်းလို့ ပြောတာပဲ။

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်ဆေးသည့်နေရာများမှာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထောင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့လမ်း ပိတ်ထား၍ ကွေ့သွားရသည့်  မြို့ရှောင်လမ်း အပါအဝင် စည်ပင်ရုံးအနီးတို့တွင် ယနေ့ ည(၈)နာရီခွဲဝန်းကျင်က စ၍ အတားအဆီးများချထားပြီး စစ်ဆေးနေကြောင်း သိရသည်။

၂၀၂၁ခုနှစ်  ဩဂုတ်လ(၂၇)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့နယ်စည်ပင်သယာရေးဌာနရုံးရှေ့တွင် ဗုံး(၂)လုံး ပစ်ခွဲခံရမှုဖြစ်ပွားခဲ့ရာ ဗုံးတစ်လုံးမှာ မကွဲဘဲကျန်နေပြီး ကွဲသွားသည့် ဗုံးတစ်လုံးကြောင့် အမှုဆောင်အရာရှိ၏ ရုံးခန်းမှန်များ ကွဲသွားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ညမထွက်ရ အဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားသော်လည်း စစ်တပ်နှင့်ရဲက ညပိုင်းများတွင် စစ်ချင်သည့်အချိန်မှ စစ်ပြီး ယခုလို ပေါက်ကွဲမှုများ ဖြစ်ပွားတိုင်းလည်း ညပိုင်း စစ်ဆေးမှုကို (၂)ရက်မှ (၃)ရက်အထိသာ ခဏတာ စစ်သည်မှာ တာချီလိတ်ထုံးစံဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။ 

ဆက်စပ်သတင်း

တာချီလိတ်စည်ပင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုတွင် ဗုံး(၂)လုံးပစ်ခံရပြီး (၁)လုံးသာကွဲကာ အမှုဆောင်အရာရှိရုံးခန်း၏ မှန်များ ထိမှန်