တာချီလိတ်မြို့တွင် စစ်တပ်က အွန်လိုင်းလောင်းကစားအချို့ကို ရွေးချယ် ဖမ်းနေချိန် ရဲကိုပိုင်သည်ဟု ဆိုသည့် လုပ်ငန်းရှင် ရဲမင်းပိုင်များက ဆက်လက်ဖွင့်လှစ်ပြီး လုပ်ငန်း လုပ်ကိုင်ရန် လူငယ်များကို လှမ်းခေါ်နေ၍ အလုပ်သွား မဆင်းရဲကြ

တာချီလိတ်မြို့တွင် စစ်တပ်က အွန်လိုင်းလောင်းကစားအချို့ကို ရွေးချယ် ဖမ်းနေချိန် ရဲကိုပိုင်သည်ဟု ဆိုသည့် လုပ်ငန်းရှင် ရဲမင်းပိုင်များက ဆက်လက်ဖွင့်လှစ်ပြီး လုပ်ငန်း လုပ်ကိုင်ရန် လူငယ်များကို လှမ်းခေါ်နေ၍ အလုပ်သွား မဆင်းရဲကြ
ဖေဖော်ဝါရီ 23, 2024 | ရှမ်းရှေ့

 အွန်လိုင်းလောင်းကစားလုပ်ငန်းအချို့ကို  စစ်တပ်က ဖမ်းဆီးမှုများ ပြုလုပ်နေသည့် တာချီလိတ်မြို့တွင် အွန်လိုင်းလုပ်ငန်းနေရာ တော်တော်များများ ပိတ်သိမ်းထားကြပြီ ဖြစ်သော်လည်း အချို့ အွန်လိုင်းလုပ်ငန်းရှင်များက ရဲကို ပေးကမ်းထား၍ ပိုင်သည်ဟုဆိုကာ ဆက်လက် ဖွင့်လစ်ရန်အတွက် လုပ်ဆောင်နေပြီး ၎င်းတို့ထံ လုပ်ကိုင်နေသည့် လူငယ်များကို ဆက်သွယ်၍ ခေါ်နေသည့်အတွက်  အဆိုပါ လူငယ်များက ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုများဖြစ်နေကြကြောင်း သိရသည်။

"မနက်က အွန်လိုင်းလောင်းကစားနေရာကို ဝင်ဖမ်းပြီးတဲ့နောက် တော်တော်များများ ကြောက်လန့်တကြား ပိတ်သိမ်းသွားကြတာ များပေမဲ့ ကျွန်မ ညီမ လုပ်နေတဲ့ နေရာက သူဌေးမကတော့ ရဲကို ပိုက်ဆံပေးထားတာ ပိုင်တယ်။ လာမဖမ်းဘူး မပူနဲ့ အလုပ် လာလုပ်ပေးဆိုပြီး မန်နေဂျာကနေ တဆင့် ခေါ်ခိုင်းနေတယ်။ ညီမလေးကလည်း ကြောက်ပြီး မသွားရဲဘူးဖြစ်နေတယ်။ မသွားရင် ဘတ် (၁,၀၀၀)ကနေ (၁,၅၀၀)အထိ ဖြတ်မယ်လို့ ပြောလာတယ်"ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ပြောသည်။



တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်ထဲတွင်  အွန်လိုင်းလောင်းကစားလုပ်ငန်းအချို့က ၎င်းတို့ထံ အလုပ် လုပ်ကိုင်နေသည့် လူငယ်များအတွက် မငှဲ့ဘဲ ဆက်လက်ဖွင့်လှစ်ရန်သာ လုပ်ဆောင်နေကြောင်း သိရသည်။

"အလုပ်ရဲ့ သူဌေးက တရုတ်လေ၊ သူက အလုပ်လာဆင်းဖို့ ပြောတယ်။ တကယ်လို့ လာဖမ်းရင် လွတ်အောင်ပြေးဖို့တော့ ပြောတယ်။ သေချာတာကတော့ လာမဖမ်းဘူးပေါ့။ ပြည်နယ်(မှု/၊ကူ)နဲ့ ခရိုင် ဒန တို့ကို ပေးကမ်းထားတာ အေးဆေးပါဆိုပြီး ပြောတယ်။ အလုပ်လာမဆင်းရင် လုပ်အားခကနေ ဖြတ်မယ်ပြောတယ်"ဟု အွန်လိုင်းလုပ်ငန်းတွင် အလုပ်ဝင်လုပ်သူ တစ်ဦးက ပြောသည်။

အဖမ်းအဆီးများ ရှိနေသည့်ကြားက ရဲကို ပိုင်သည်ဟုဆိုကာ လုပ်ငန်းကို ပုံမှန်အတိုင်း ဖွင့်ပြီး လုပ်ကိုင်ရန်အတွက် ပြောဆိုနေသူများမှာ များသောအားဖြင့် တရုတ်လုပ်ငန်းရှင်များဖြစ်ပြီး အလုပ်လာဆင်းရေးအတွက် အမျိုးမျိုးပြော၍ ခေါ်နေသည်မှာလည်း နေရာပေါင်း အနည်းဆုံး (၅)နေရာအထက်ရှိသည်ကို Tachileik News Agency သို့ ဆက်သွယ် အသိပေးလာမှုများအရ သိရသည်။ 

"ဒီမှာ အွန်လိုင်း လာလုပ်နေတဲ့ ထိုင်းနဲ့တရုတ် လုပ်ငန်းရှင်တွေက ရဲကို လိုင်းကြေးပေးထားရင် အကာအကွယ်ကြီးကြီးမားမား ရပြီလို့ ထင်နေကြတာ။ ငွေပေးထားရင် ရဲကို ပိုင်ပြီဆိုပြီး သတ်မှတ်ကြတဲ့ ရဲမင်းပိုင် တွေပေါ့။ တကယ်ဖြစ်လာရင် လိုင်းကြေးယူထားတဲ့ ဒန တွေ မှု/နှိမ်တွေ နယ်ထိန်းတွေ အကုန်လုံး ကြက်ပျောက် ငှက်ပျောက်ပဲ။ ဒီလိုကာလမှာ အတင့်ရဲရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ်"ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လစဉ်ကြေးရယူထားသည့် တာချီလိတ်ရဲတပ်ဖွဲ့က လောင်းကစားလုပ်ငန်းများ ပိတ်ထားရန် လိုက်လံအသိပေးခြင်းများကြောင့် ရပ်ကွက်များရှိ ငါးဂိမ်းခုံလုပ်ငန်းများပါ ပိတ်ထားကြကြောင်း သိရသည်။

 တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် အောင်ခိုင်ဝင်း၏ အစီအစဉ်ဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးရာ အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား(၂)ဦးဝန်းကျင် ထိုင်းနိုင်ငံသား(၁၄၀)ကျော် နှင့် မြန်မာနိုင်ငံသား(၄၅၀)ဝန်းကျင် ဖမ်းဆီးခံခဲ့ပြီး ပြန်လွတ်ပေးမည်ဟု ပြောထားသည့် မြန်မာနိုင်ငံသားများကို ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

#TachileikNewsAgency